Thursday, September 9, 2021

ဂရိ၏ ရေပြင်ပိုင်နက်ချဲ့ထွင်မှုအား လက်ခံသွားမည်မဟုတ်ကြောင်း တူရကီက ပြောကြားခဲ့ခြင်း

 


Thenationalnews; Sep-10 (Fri)

တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) သည် အေဂျီယန် (Aegean) ပင်လယ်၌ ဂရိနိုင်ငံ၏ ရေပြင်ပိုင်နက်ချဲ့ထွင်မှုများနှင့်ပတ်သက်၍ လက်ခံ သွားမည်မဟုတ်ကြောင်း စက်တင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် ဂရိနိုင်ငံတို့အကြား ဖြစ်ပေါ်လျက်ရှိသည့် ဆက်ဆံရေးပြဿနာများအား ဖြေရှင်းရန် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအတွင်း တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ၎င်း၏ပိုင်နက်နယ်မြေများ၌ စွမ်းအင်ရှာဖွေမှုများအား ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်များချမှတ်ထားကြောင်း အက်ကာက ပြောကြား ခဲ့ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဂရိနှင့်တူရကီတို့သည် အေဂျီယန်ပင်လယ်ရှိ နယ်နိမိတ်များနှင့် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်း စွမ်းအင်ရှာဖွေရေးဆိုင်ရာ လုပ်ပိုင် ခွင့်များနှင့်ပက်သတ်၍ အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများ ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့ကြသည့်နိုင်ငံများဖြစ်ပါသည်။

တူရကီနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း မြေထဲပင်လယ်ဒေသများ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းများကြောင့် ဂရိ၊ ဆိုက်ပရပ်စ်နိုင်ငံများနှင့် တင်းမာမှု များမြင့်တက်ခဲ့ရပြီးနောက် ဂရိနှင့် ဆိုက်ပရပ်စ်တို့သည် ၎င်းတို့၏ သီးသန့်စီးပွားရေး ဇုန်များကို အခိုင်အမာတောင်းဆိုလာခဲ့ကြခြင်းဖြစ်ပါသည်။ ဂရိလွှတ်တော်သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၎င်းတို့၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေပြင်ပိုင်နက် များကိုတိုးချဲ့ရန် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါမဲခွဲဆုံးဖြတ်ချက် များအရ ဂရိနိုင်ငံသည် အေဂျီယန်ကျွန်းတစ်လျှောက်တွင် ရေမိုင် ၆ မိုင်မှ ၁၂ မိုင်အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ကြောင့် ဂရိနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေစည်းမျဉ်းများနှင့် အခြေခံမူများအပေါ်လိုက်နာခြင်းမရှိဘဲ ရေပြင်ပိုက်နက် ၁၂ မိုင်အထိတိုးချဲ့မည့် အဆိုပါတောင်းဆိုချက်ကို တူရကီနိုင်ငံက လက်ခံသွားမည်မဟုတ် ကြောင်း အထက်ပါတွေ့ဆုံမှုအတွင်း အက်ကာက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment