Dailynews.lk; Sep-21 (Tue)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပိုင်ရစ် (G.L Peirs) နှင့် နယူးယောက် (News Yourk) မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တူရကီအမြဲတမ်းမစ်ရှင်ရုံး၌ နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Dailynews.lk သတင်းဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ဖော်ပြထားပါသည်။ ၎င်းတို့နှစ်ဦးတွေ့ဆုံမှုသည် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပြင်ပတွေ့ဆုံဆွေးနွေးမှုဖြစ်ပါသည်။ တူရကီနိုင်ငံခြားရေး ဝန်ကြီးသည် ၂၀၁၆ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့ပြီး ၎င်းခရီးစဉ်နှင့်ပတ်သက်၍ နှစ်သက်တန်ဖိုးထားကြောင်း၊ ထို့အတူ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးမှလည်း တူရကီသို့ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးများအားတန်ဖိုးထားကြောင်း အပြန်အလှန်ပြောကြားခဲ့ကြပါသည်။ အဆိုပါအပြန်အလှန် လည်ပတ်မှုများသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများကို ပိုမိုခိုင်မာ အားကောင်းစေရန် အခွင့်အလမ်းများဖြစ်ကြောင်း ဝန်ကြီးနှစ်ဦးက အလေးထား ပြောကြားခဲ့ကြပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သီရိလင်္ကာသို့ အသက်ရှူစက်များနှင့် အခြားအသုံးအဆောင်များကို ထောက်ပံ့ပေးမှုများအပြင် ဆူနာမီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအိမ်ရာများအတွက် တူရကီနိုင်ငံ၏ ထောက်ပံ့ပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပိုင်ရစ်က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ တိုးမြှင့်နိုင်မှုအပေါ် ဝန်ကြီးနှစ်ဦးက အပြန်အလှန် ချီးကျူးပြောကြားခဲ့ကြပါသည်။ သီရိလင်္ကာအနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များအပြင် ဆောက်လုပ်ရေးကဏ္ဍများကိုတိုးမြှင့်သွားရန် ပိုင်ရစ်က အလေးထား ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံပြည်သူအချင်းချင်းဆက်သွယ်မှုကို တိုးမြှင့်ရန် အတွက် အန်ကာရာ (Ankara) မြို့နှင့် ကိုလံဘို (Colombo) မြို့များသို့ ပျံသန်းမည့် လေကြောင်းလိုင်းများ ပြန်လည်စတင်နိုင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါ သည်။ အဆိုပါ ဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံဆွေးနွေးမှုသဘောတူညီချက်များအား အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment