Sunday, September 12, 2021

ဂရိနှင့် အမေရိကန်စစ်ဘက်တို့သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုအား သက်တမ်းတိုးမြှင့်ရန် ဆွေးနွေးခဲ့ခြင်း

 AFP;Sept-12(Sun)

              ဂရိနှင့် အမေရိကန်စစ်ဘက်တို့သည် ၎င်းတို့၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာသဘောတူညီမှုအား ၅ နှစ် ထပ်မံသက်တမ်းတိုးမြှင့်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Misotakis) က စက်တင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ၎င်းသဘောတူညီမှုအား ယခုကဲ့သို့ ၅ နှစ် သက်တမ်းတိုးမြှင့်လိုက်မှုကြောင့် နှစ်စဉ်သက်တမ်းတိုးမြှင့်ရန်မလိုအပ်တော့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ ပါသည်။ ဂရိနှင့် အမေရိကန်တို့၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် အကောင်းမွန်ဆုံးသောအနေအထားတွင် ရောက်ရှိလျက်ရှိကြောင်း မစ်ဆိုတားကစ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo) ဂရိနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိစဉ် ဂရိစစ်ဘက်အနေဖြင့် ၎င်းတို့၏ စစ်ဘက်အဆောက်အအုံကြီးများအား အမေရိကန် တပ်ဖွဲ့ဝင်များ လွတ်လပ်စွာအသုံးပြုခွင့်ဆိုင်ရာ နှစ်နိုင်ငံကာကွယ်ရေးသဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။

              ထို့ပြင် ဂရိနိုင်ငံသည် အခြားသောမိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် သဘောတူညီချက်များကိုချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံနှင့် အလွန် ရင်းနှီးကျွမ်းဝင်သော မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ရရှိထားကြောင်း မစ်ဆိုတားကစ်က ပြောကြားခဲ့ပါသည်။ ဂရိနှင့် ပြင်သစ်တို့သည် မြေထဲပင်လယ်ဒေသအတွင်း တူရကီ နိုင်ငံ၏စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် လက်နက်ဝယ်ယူရေးအစိတ်အပိုင်း တစ်ရပ်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသော ရာဖေးဂျက်တိုက် လေယာဉ် ၁၈ စီးဝယ်ယူရေး သဘောတူညီမှုတစ်ရပ်အား ပြီးခဲ့သည့်ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါရာဖေးဂျက်တိုက်လေယာဉ်များအနက်မှ ၆ စီး သည် မကြာမီကာလ၌ ရောက်ရှိလာမည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းမတိုင်မီ လက်တွေ့ စမ်းသပ်ပျံသန်းသွားမည်ဖြစ်ကြောင်း မစ်ဆိုတားကစ်က ပြောကြားခဲ့ပါသည်။ ဂရိစစ်ဘက် သည် ၎င်းတို့၏ အကြီးမားဆုံးသောရည်မှန်းချက်ဖြစ်သည့် တပ်ဖွဲ့ဝင် ၁၅,၀၀၀ အပါအဝင် စစ်သင်္ဘောများ၊ ပဲ့ထိန်းဒုံးများနှင့် တိုက်လေယာဉ်များပါဝင်သော လက်နက်သုံးစွဲရေး အစီအစဉ်တစ်ရပ်အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဝန်ကြီးချုပ် မစ်ဆိုတားကစ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment