Xinhua;Sep-27(Tue)
ဂရိနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် တူကီယဲနိုင်ငံ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကိုကာကွယ်ရန် နည်းလမ်းများအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၂၆ ရက်တွင် ကတိပြုပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် လိုအပ်လာပါက နည်းလမ်း များအားလုံးကိုအသုံးပြုရန် ပျက်ကွက်လိမ့်မည်မဟုတ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေး ပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အာဒိုဂန်က ပြောကြားခဲ့ပါသည်။ အေဂျီယန်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများနှင့်ပတ်သက်၍ တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား မကြာသေးမီက တင်းမာမှုများမြင့်တက်လာချိန်တွင် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ဂရိနိုင်ငံသည် အမေရိကန်နိုင်ငံထုတ် သံချပ်ကာယာဉ်များကို Aegean ကျွန်းစု များဖြစ်သော ဆာမို့စ် (Samos) နှင့် လက်စ်ဘို့စ် (Lesbos) တို့သို့ ဖြန့်ကြက်ထားခြင်း သည် NATO အဖွဲ့ဝင်နိုင်ငံ ၂ နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံအငြင်းပွားဖွယ်ပိုင်နက်နယ်မြေများတွင် စစ်ဘက်ဆိုင်ရာပစ္စည်းများထားရှိခြင်း သည် နိုင်ငံတကာသဘောတူစာချုပ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တူကီယဲအာဏာပိုင် များက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် တူကီယဲအာဏာပိုင်များသည် ဂရိသံအမတ်ကြီး ခရစ်တိုဒိုလို့စ်လာဇာရစ် (Christodoulos Lazaris) အား တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စက်တင်ဘာလ ၂၆ ရက်တွင် ဆင့်ခေါ်ခဲ့သည်ဟုလည်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့်လည်း တူကီယဲ၏ဆောင်ရွက်ချက်သည် အခြေအမြစ်မရှိသည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် ရန်လိုသောအပြုအမူတစ်ခုသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။ ဂရိနှင့် တူကီယဲတို့သည် အေဂျီယန်နှင့် မြေထဲပင်လယ်တို့တွင် ပိုင်နက်နယ်မြေနှင့် စွမ်းအင်ရှာဖွေရေးဆိုင်ရာအငြင်းပွားမှုအပါအဝင် ပြဿနာများစွာအတွက် နှစ်ပေါင်းများစွာကြာ ဆက်ဆံရေးတင်းမာမှုများမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment