Aandolu Agency; Sep-11(Sun)
ဂရိနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် စွမ်းအင်အကျပ်အတည်းနှင့် ငွေကြေး ဖောင်းပွမှုမြင့်တက်နေခြင်းကို ကိုင်တွယ်ဖြေရှင်းရာ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အိမ်ထောင်စုများအား အထောက်အကူဖြစ်စေရေး အနိမ့်ဆုံးလုပ်ခလစာနှင့် အငြိမ်းစား လစာတိုးမြှင့်ပေးခြင်းတို့ပါဝင်သည့် ယူရို ၅.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ) ကုန်ကျမည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့အတွက် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ် များကို ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဂရိနိုင်ငံ၏နှစ်စဉ်ပြုလုပ်လျက် ရှိသော (၈၆)ကြိမ်မြောက် သက်စ်စာလိုနီကီနိုင်ငံတကာကုန်သွယ်ရေးပြပွဲ (Thessaloniki International Fair-TIF) မိန့်ခွန်း၌ ဝန်ကြီးချုပ် မစ်ဆိုတားကစ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အနိမ့်ဆုံးလုပ်ခလစာနှင့် အငြိမ်းစားလစာတို့ကို ၂၀၂၃ ခုနှစ်၊ မေလတွင် တိုးမြှင့်ပေးသွားမည်ဖြစ်သည့်အပြင် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ခလစာတို့ကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့ပါသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် အစိုးရထောက်ပံ့ကြေး ယူရို ၁၇၄ သန်း အစား ယခုနှစ်တွင် ယူရိုသန်း ၃၀၀ အထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ် ပါသည်။ အထက်ပါအရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်တွင် စီမံချက်ပေါင်း ၂၁ ခု ပါဝင်ပြီး ဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့ပေးခြင်း၊ ကျောင်းသားများအတွက် ထောက်ပံ့ကြေးတိုးမြှင့်ခြင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကာမိစေရန် လယ်သမားများ အတွက် အရေးပေါ်အမတော်ကြေးအဖြစ် ယူရို ၁၅၀ သန်း ပေးအပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အစိုးရ၏ ကူညီထောက်ပံ့ရေးအစီအစဉ်များကြောင့် ဂရိပြည်သူများ၏ ဝင်ငွေတိုးပွားလာမည်ဖြစ်သည့်အပြင် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များအနေဖြင့်လည်း ထပ်ဆောင်းအကျိုးအမြတ်များကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မစ်ဆိုတားကစ်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်စပ်လျဉ်း၍ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ပြင်းထန်သည့်အရေးယူပိတ်ဆို့မှု ပေါင်းများစွာ ချမှတ်ခဲ့သလို ယူကရိန်းအား စစ်လက်နက်ပစ္စည်းများနှင့် အခြားသော ကူညီထောက်ပံ့မှုများစွာကိုပေးအပ်ကာ ရုရှား-ယူကရိန်းစစ်မီးကို ထင်းထိုးပေးလျက် ရှိပါသည်။ ရုရှားဘက်မှလည်း အနောက်အုပ်စု၏အရေးယူပိတ်ဆို့မှုများကို လက်တုံ့ပြန် သည့်အနေဖြင့် ဥရောပသို့တင်ပို့လျက်ရှိသည့် ၎င်း၏စွမ်းအင်လမ်းကြောင်းများကို ကန့်သတ် ထိန်းချုပ်မှုများပြုလုပ်လာခဲ့ပါသည်။ ထို့ကြောင့် ဂရိအပါအဝင် ဥရောပနိုင်ငံများသည် စွမ်းအင် ရှားပါးပြတ်လပ်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းနေရသည့်အပြင် စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပါသည်။ ဥရောပအစိုးရများ၏ ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ လွဲမှားသည့်ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းများ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စွမ်းအင်အကျပ်အတည်းများနှင့် ငွေကြေးဖောင်းပွမှုပြဿနာ များသည် နိုင်ငံရေးအကျပ်အတည်းများဆီသို့ဦးတည်စေသည့် လူထုအုံကြွမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးလျက်ရှိပါသည်။ ဂရိအစိုးရအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် စွမ်းအင် ဈေးနှုန်းနှင့်ငွေကြေးဖောင်းမှုနှုန်းမြင့်တက်ခြင်းကို အထိုက်အလျောက်လျော့ကျစေရေးနှင့် ပြည်သူလူထုအကြား တာဆူနေသည့်မကျေနပ်မှုများအား ချွေးသိပ်နိုင်စေရန်ရည်ရွယ်၍ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံကုန်ကျမည့် အရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဂရိဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့အတွင်း ဖော်ဆောင်မည့် လုပ်ခလစာတိုးမြှင့်ခြင်း၊ အစိုးရ၏ အမတော်ကြေးထောက်ပံ့မှုတိုးမြှင့်ခြင်း၊ အငြိမ်းစားလစာတိုးမြှင့်ခြင်းနှင့် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေးအစီအစဉ်များသည် ဂရိနိုင်ငံအတွင်းဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးမတည်ငြိမ် မှုများကို ကြိုတင်ဟန့်တားနိုင်ရေးနှင့် အစိုးရအပေါ် လူထုထောက်ခံမှုနှုန်းမြင့်တက် လာစေရေးအတွက် နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းလုပ်ဆောင်နေမှုပင်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment