Anadolu Agency; Sep-7(Wed)
ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ သဘောထားမှာ မှန်ကန်မှုမရှိကြောင်းနှင့် အနောက်နိုင်ငံများအနေဖြင့် ရန်လိုသောမူဝါဒများကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ တူကီယဲသမ္မတနှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တူကီယဲ သမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် တူကီယဲနိုင်ငံသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အပေါ် ဘက်မလိုက်သော ဆက်ဆံရေးကို ကျင့်သုံးဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့၏ ယုံကြည်မှုကိုရရှိကာ ၎င်းနှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိဆွေးနွေးပွဲများကိုလည်း တူကီယဲနိုင်ငံ၌ ကျင်းပဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို လျှော့ချနိုင်ရေးအတွက် ကုလသမဂ္ဂ၏ အစီအစဉ်များထဲမှ တစ်ခု ဖြစ်သည့် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံမှ ဂျုံတင်ပို့နိုင်ရေးအတွက် တူကီယဲ နိုင်ငံ၌ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် တူကီယဲ နိုင်ငံသည် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအတွက် ၎င်း၏ ထောက်ခံမှုကို အကြိမ်ကြိမ် အလေးပေးဖော်ပြခဲ့သော်လည်း အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများက ချမှတ်သော အရေးယူပိတ်ဆို့မှုများနှင့် ရုရှားအပေါ်ဆန့်ကျင်သည့် အခြားသောဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ တူကီယဲနိုင်ငံသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် ကြားဝင်ဖျန်ဖြေပေးသူအဖြစ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ရပ်တည်နိုင်ခဲ့ပြီး တူကီယဲနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများနှင့် ရုရှားနိုင်ငံအကြား ဆက်သွယ်ပေးသည့် တံတားသဖွယ်ဖြစ်နေပါသည်။ လက်ရှိတွင် အနောက်နိုင်ငံများသည် ရုရှားအပေါ် ဆက်ဆံသောသဘောထားများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရန်လိုသော မူဝါဒများကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားမှုသည် အနောက်အုပ်စုနိုင်ငံများနှင့် တူကီယဲနိုင်ငံတို့အကြား ဆက်ဆံရေး အပေါ် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး တစ်ဖက်တွင်လည်း ရုရှားနိုင်ငံနှင့် ပိုမို နီးကပ်သည့်ဆက်ဆံရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment