Aviacionline; Sep-13(Tue)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အစိုးရအနေဖြင့် တူကီယဲထံသို့ F-16 Block 70 Viper တိုက်လေယာဉ်များအား ရောင်းချပေးရေး အတည်ပြုဆောင်ရွက် ရာတွင် တိုးတက်မှုမရှိခဲ့ပါက တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အခြားသောပြည်ပနိုင်ငံများဖြစ်သော ပြင်သစ်၊ ဗြိတိန်၊ သို့မဟုတ် ရုရှား နိုင်ငံတို့ထဲမှ တိုက်လေယာဉ်အသစ်များဝယ်ယူရန် စဉ်းစားသွားမည်ဟု ပြောကြားခဲ့ကြောင်း Aviacionline သတင်းဝဘ်ဆိုက်က ဖော်ပြခဲ့ပါသည်။ တူကီယဲသည် ၎င်း၏ OZGUR စီမံကိန်းအရ F-16 Block 30 အမျိုးအစား တိုက်လေယာဉ် ၃၅ စီးအား ပြည်တွင်း နည်းပညာအသုံးပြု၍ အဆင့်မြှင့်တင်သွားရန်၊ Viper အမျိုးအစား အဆင့်မြှင့်တင်ရေး ကိရိယာ (နောက်ပိုင်း-Block F-16 များအတွက်) အစုံ ၈၀ နှင့် အမေရိကန် လော့ဟိမာတင် ကုမ္ပဏီမှ F-16 Block 70 အမျိုးအစား တိုက်လေယာဉ် ၄၀ စီးအား ဝယ်ယူသွားမည် ဖြစ်ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO မဟာမိတ်အဖွဲ့သို့ ဝင်ရောက်မှုကို ဗီတိုအာဏာသုံး၍ ပယ်ချခဲ့မှုအား တူကီယဲနိုင်ငံက ရုပ်သိမ်းပြီးနောက် တူကီယဲ၏ အဆိုပါ စီမံကိန်းများကို စပိန်နိုင်ငံ၊ မက်ဒရစ် (Madrid) မြို့တွင်ပြုလုပ်သည့် NATO ထိပ်သီး အစည်းအဝေး၌ အမေရိကန်နိုင်ငံက ထောက်ခံပေးခဲ့ခြင်းဖြစ်ပါသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် တူကီယဲသို့ F-16 Viper အမျိုးအစား တိုက်လေယာဉ်အား ရောင်းချပေးရန်အတွက် လွှတ်တော်၏ ခွင့်ပြုချက်လိုကြောင်း၊ လွှတ်တော်ထံမှလည်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ခွင့်ပြုချက်ရနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။ ထို့ကြောင့် သမ္မတ ဘိုင်ဒင်သည် F-16 Viper အမျိုးအစားတိုက်လေယာဉ်အား တူကီယဲသို့ ရောင်းချပေးနိုင်ရန် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဟု တူကီယဲသမ္မတ အာဒိုဂန်ထံ ကတိပြုပြောကြားခဲ့ပါသည်။ သို့သော်လည်း စေ့စပ်ညှိနှိုင်းမှုများသည် မျှော်လင့် ထားသကဲ့သို့ တိုးတက်မှုမရှိကြောင်း သမ္မတ အာဒိုဂန်က ဝန်ခံပြောကြားခဲ့သည်ဟု တူကီယဲမီဒီယာသတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းသည် တူကီယဲနှင့် ဂရိတို့အကြား အငြင်းပွားလျက်ရှိသော အေဂျီယန်ပင်လယ်အတွင်းရှိ ကျွန်းများ ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံမှ ရောင်းချလိုက်သော F-16 တိုက်လေယာဉ် များအား အသုံးချဆောင်ရွက်ခြင်းမပြုရန် တူကီယဲအစိုးရက အမေရိကန်လွှတ်တော်အား အာမခံချက်ပေးနိုင်မည်မဟုတ်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးသည် မကြာခဏဆိုသလို ကွဲကွာလိုက် ပေါင်းစည်းလိုက်ဖြစ်နေသော ဆက်ဆံရေးမျိုးဖြစ်ပါသည်။ တူကီယဲသည် ယခင်နှစ်များအတွင်း ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်အနေဖြင့် တူကီယဲသို့ F-35 တိုက်လေယာဉ်များ ရောင်းချပေးမည့်အစီအစဉ်အား ရပ်ဆိုင်းခဲ့ခြင်းနှင့် အရေးယူပိတ်ဆို့ခြင်းများအား ဆောင်ရွက် ခဲ့သည့် ကိစ္စရပ်မျိုးရှိခဲ့ဖူးပါသည်။ ယခုအခါတွင်လည်း တူကီယဲသည် ၎င်း၏ စစ်ရေး ကဏ္ဍကို မြှင့်တင်ရန်အတွက် နိုင်ငံအတွင်း အသုံးပြုလျက်ရှိသည့် တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ရန်နှင့် တိုက်လေယာဉ်သစ်များဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် တူကီယဲသည် ၎င်း၏ အိမ်နီးချင်း ဂရိနိုင်ငံနှင့် ဆက်ဆံရေးမှာ တစ်ဖက်နှင့်တစ်ဖက် လက်နက်အင်အားသုံး၍ တိုက်ခိုက်သည့် အခြေအနေမျိုးမဟုတ် သော်လည်း နှစ်ဖက်အကြား တင်းမာမှုမှာ အရှိန်အဟုန်မြင့်လျက်ရှိပါသည်။ ဂရိအနေဖြင့် F-16 တိုက်လေယာဉ်များအား တူကီယဲသို့ ရောင်းချပေးခြင်းမပြုရန် အမေရိကန်ထံ တောင်းဆိုမှုများ မကြာခဏလုပ်ဆောင်ခဲ့ပါသည်။ သို့ဖြစ်၍ တူကီယဲအတွက် လိုအပ်သော တိုက်လေယာဉ်သစ်များနှင့် ပစ္စည်းများကို အမေရိကန်လွှတ်တော်က အတည်ပြုမှသာ တူကီယဲသို့ ရောင်းချပေးနိုင်မည်ဖြစ်ရာ လွှတ်တော်အတွင်း အတိုက်အခံများက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်မှုများပြုလုပ်ခဲ့သဖြင့် တူကီယဲ၏ တိုက်လေယာဉ်ဝယ်ယူရန် ကြိုးပမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထို့ကြောင့် တူကီယဲအနေဖြင့် အမေရိကန်မှ ၎င်းတို့အား တိုက်လေယာဉ်နှင့် ပစ္စည်းများရောင်းချပေးခြင်းမရှိပါက အခြားသောနိုင်ငံများမှ ဝယ်ယူသွားမည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန်က ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်၏ ပြောကြားချက်ကို ကြည့်ခြင်းအားဖြင့် တူကီယဲ သည် ယခင်က S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူခဲ့သည့် သာဓကအတိုင်း ၎င်း၏ စစ်ရေးကဏ္ဍအဆင့်မြှင့်တင်ရေးကို အဓိက ထားဆက်လက်လုပ်ဆောင်သွားမည်ဟု သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment