Friday, September 2, 2022

တူကီယဲသမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြခြင်း

Anadolu Agency; Sep-3(Sat)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) တို့သည် တယ်လီဖုန်းမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၃ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း ခေါင်းဆောင်များသည် ကာကွယ်ရေးနည်းပညာနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်နိုင်မည့် အခွင့်အလမ်းသစ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လက်ထက်တွင် အပြန်အလှန်လေးစားမှုနှင့် နားလည်မှု အပေါ်အခြေခံ၍ တူကီယဲနှင့် ဗြိတိန်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်လာခဲ့ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့သည်ဟု တူကီယဲနိုင်ငံ၏ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်သည့် ဗြိတိန်နှင့် တူကီယဲနိုင်ငံတို့အကြား ဆက်ဆံရေးသည် အနာဂတ်ကာလတွင် နယ်ပယ်အားလုံး၌ နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ပါသည်။ မကြာသေးမီက ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှုအပေါ် ရုရှားနိုင်ငံ၏ ပိတ်ဆို့မှုအား အဆုံးသတ်ရန် ကူညီပေးခဲ့သော တူကီယဲနိုင်ငံ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဂျွန်ဆင်က ဂုဏ်ပြု ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဆက်လက် ထားရှိခြင်းအပါအဝင် ယူကရိန်းအား ဆက်လက်ပံ့ပိုးကူညီသွားရန် အရေးကြီးကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဉီးသည် ဗြိတိန်နှင့် တူကီယဲ တို့၏ ကုန်သွယ်မှုတိုးမြင့်လာမှုကို ကြိုဆိုခဲ့ကြပြီး ကြီးထွားလာနေသော စီးပွားရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ရေးအတွက် လက်ရှိလွတ်လပ်သော ကုန်သွယ်မှုသဘော တူညီချက်ကိုတိုးချဲ့ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment