Tuesday, September 7, 2021

ဩစတြီးယား၊ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားဝန်ကြီးချုပ်များသည် ဥရောပသို့ အာဖဂန်ဒုက္ခသည်များ ဝင်ရောက်လာမှုကို ကန့်ကွက်ခဲ့ခြင်း


Gandhara; Sep-7(Tue)

              အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအကြား စိုးရိမ်မှုများမြင့်တက်လျက်ရှိစဉ် ဩစတြီးယား၊ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားဝန်ကြီးချုပ်တို့သည် ဥရောပသို့ အာဖဂန်နစ္စတန်မှ ရွှေ့ပြောင်းဒုက္ခသည် အများအပြားဝင်ရောက်လာမှုကို စက်တင်ဘာလ ၇ ရက်တွင် ကန့်ကွက်ခဲ့ကြပါသည်။ ဥရောပသမဂ္ဂ၌ အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်များအတွက် နေရာမရှိကြောင်းနှင့် ၎င်းတို့ အနေဖြင့် အာဖဂန်နစ္စတန်၊ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများ၌သာ နေထိုင်သင့်ကြောင်း ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်ဒရေဘာဘစ် (Andrej Babis) က ဩစတြီးယား ဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) ၊ ဆလိုဗက်ကီးယားဝန်ကြီးချုပ် အီဒက်ဒ်ဟီဂါ (Eduard Heger) တို့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

              အဆိုပါတွေ့ဆုံမှုအတွင်း ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ တူရကီနိုင်ငံနှင့် ဆွေးနွေးရန်မှာ ရွေးချယ်ရမည့်နည်းလမ်းတစ်ခုဖြစ်သော်လည်း ကောင်းမွန်သည့်အပြောင်းအလဲ တစ်ရပ်ဖြစ်မည်ဟု ၎င်းအနေဖြင့် မယူဆကြောင်းနှင့် အာဖဂန်ပြည်သူများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း၌နေထိုင်ခြင်းသည်သာ ပိုမိုကောင်းမွန်သောဖြေရှင်းနည်းတစ်ရပ်ဖြစ် ကြောင်း ဘာဘစ်က ပြောကြားခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်းနိုင်ငံအတွင်း ကမ္ဘာတစ်ဝန်းမှ ရွှေ့ပြောင်းဒုက္ခသည် များအပြင် ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါးနှင့် အာဖဂန်ဒုက္ခသည် ၃ သိန်းအား လက်ခံထားသောကြောင့် ဥရောပသမဂ္ဂကို ကူညီပေးရန်အတွက် အာဖဂန်ဒုက္ခသည် များအား ထပ်မံလက်ခံမည်မဟုတ်ကြောင်း အစောပိုင်း၌ ပြောကြားခဲ့ပါသည်။ တာလီဘန် တို့သည် အာဖဂန်နစ္စတန်အား ပြီးခဲ့သည့်ဩဂုတ်လ၌ သိမ်းပိုက်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိပါသည်။ ထို့ပြင် ဥရောပသမဂ္ဂ သည် ပြီးခဲ့သည့်ဩဂုတ်လမှစ၍ ထောင်ပေါင်းများစွာသော အာဖဂန်ဒုက္ခသည်များအား လက်ခံထားခဲ့ပြီးဖြစ်ပါသည်။ ဩစတြီးယားနိုင်ငံအနေဖြင့် အာဖဂန်ဒုက္ခသည်များအား လက်ခံမည့်အိမ်နီးချင်းနိုင်ငံများအတွက် အမေရိကန်ဒေါ်လာ ၂၁.၃ သန်းအား ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ၎င်းတို့အခက်အခဲများကိုလည်း ကူညီသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆီဘက်စတိန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment