Wednesday, May 4, 2022

မော်လ်ဒိုဗာနိုင်ငံအတွက် ကာကွယ်ရေးဆိုင်ရာထောက်ပံ့မှုများ သိသိသာသာ တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ကတိပြုပြောကြားခဲ့ခြင်း

Rferl; May-4(Wed)


ရုရှားကျောထောက်နောက်ခံပြု ထရန်စ်နစ္စထရီးယား (Transdniester) ခွဲထွက် ဒေသ၌ ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများသည် မော်လ်ဒိုဗာနိုင်ငံအား ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း ပါဝင်လာစေရန် ဆွဲသွင်းလျက်ရှိသည်ဟု စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည့် အတွက် ဥရောပကောင်စီအနေဖြင့် မော်လ်ဒိုဗာနိုင်ငံအား စစ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီချယ်လ် (Charles Michel) က ကတိပြုပြောကြားခဲ့သည်ဟု Rferl သတင်းဌာနက ဖော်ပြခဲ့ပါသည်။ မော်လ်ဒိုဗာနိုင်ငံ၏ စစ်ဘက်တပ်ဖွဲ့ဝင်များအပေါ် စစ်လက်နက်ပစ္စည်းများပံ့ပိုးပေးခြင်းဖြင့် မော်လ်ဒိုဗာနိုင်ငံအား သိသိသာသာပံ့ပိုးကူညီသွားရန် စီစဉ်ထားကြောင်းလည်း မော်လ်ဒိုဗာသမ္မတ မီယာဆန်ဒူး (Maia Sandu) နှင့်အတူ မေလ ၄ ရက်တွင်ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ချားလ်စ်မီချယ်လ်က ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် မဟုတ်မမှန် သတင်းထုတ်လွှင့်မှုများကို ဆန့်ကျင်လျက်ရှိသည့် မော်လ်ဒိုဗာနိုင်ငံအား ထောက်ခံကြောင်းနှင့် ထရန်စ်နစ္စထရီးယားဒေသ၌ တင်းမာမှုများမြင့်တက်လာမည့်အရေးကို တားဆီးသွားရန် အလွန်အရေးကြီးကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါသည်။

ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် မော်လ်ဒိုဗာနိုင်ငံနှင့်အတူ စည်းလုံးညီညွတ်မှုရှိစွာ ရပ်တည်သွားမည်ဖြစ်ပြီး မော်လ်ဒိုဗာနိုင်ငံအား ကူညီပံ့ပိုးပေးရန်မှာ ဥရောပ၏တာဝန် ဖြစ်ကြောင်းနှင့် မော်လ်ဒိုဗာနိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ သိန်းနှင့်ချီသော ယူကရိန်းဒုက္ခသည်များ ရောက်ရှိလာမှုကို လက်ခံထားရသည့်အတွက် ဥရောပသမဂ္ဂအနေဖြင့် ၎င်းဒုက္ခသည်ပဋိပက္ခများကိုလည်း ကူညီဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ မော်လ်ဒိုဗာ၏ ခွဲထွက်ပြည်နယ် ဖြစ်သော ထရန်စ်နစ္စထရီးယားဒေသ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း လုံခြုံရေးဌာနချုပ်၊ စစ်စခန်းတစ်ခုနှင့် ရုရှားပိုင်ရေဒီယိုတာဝါတိုင်တို့အား ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့သည့်အပြင် ရုရှားလက်နက်သိုလှောင်ရုံတစ်ခုတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် အတွက် ရုရှားနိုင်ငံက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရုရှားနိုင်ငံသည် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြချက် ဖန်တီးခြင်းနှင့် ဒေသတွင်းမတည်မငြိမ်ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံက ပြန်လည်ပြောကြားခဲ့ပါသည်။ မော်လ်ဒိုဗာနှင့် ယူကရိန်းနိုင်ငံအကြားရှိ ကျဉ်းမြောင်းသော နယ်မြေတစ်ခုဖြစ်သည့် ရုရှားကျောထောက်နောက်ခံပြု ထရန်စ်နစ္စထရီးယားဒေသသည် ၁၉၉၀ ပြည့်နှစ်တွင် မော်လ်ဒိုဗာနိုင်ငံထံမှခွဲထွက်၍ လွတ်လပ်ရေးကြေညာခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

မော်လ်ဒိုဗာနိုင်ငံအရှေ့ဘက်အစွန်အဖျားရှိ ထရန်နစ္စထရီးယား (Transnistria or Transdniester) သည် ၁၉၉၀ ပြည့်နှစ်မှစ၍ မော်လ်ဒိုဗာနိုင်ငံထံမှခွဲထွက်ရန် ကြိုးပမ်းခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ခွဲထွက်ရေးစစ်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ရာ၌ ရုရှားနိုင်ငံ အနေဖြင့် ထောက်ပံ့မှုများလည်း ပေးအပ်ခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ၌ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းတောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့လျှင် ရုရှားအနောက်ဘက်ရှိ မော်လ်ဒိုဗာခွဲထွက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံဘက်က ယူဆလျက်ရှိပါသည်။ Transdniester ဒေသရှိ လုံခြုံရေးဌာနချုပ်၊ စစ်စခန်းတစ်ခုနှင့် ရုရှားပိုင်ရေဒီယိုတာဝါတိုင်တို့၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖောက်ခွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့သည့်အပြင် ရုရှားလက်နက် သိုလှောင်ရုံတစ်ခုတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အတွက် ရုရှားနိုင်ငံက အဆိုပါ ဖြစ်စဉ်များကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၎င်းဖြစ်စဉ်များသည် ရုရှား နိုင်ငံအနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများအတွက် အကြောင်းပြချက်ဖန်တီးရန်နှင့် ဒေသတွင်းမတည်မငြိမ်ဖြစ်စေရန် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ယူကရိန်းနိုင်ငံက ပြန်လည်ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ Transdniester ဒေသ၌ ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများသည် မော်လ်ဒိုဗာနိုင်ငံအား ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခအတွင်း ပါဝင်လာစေရန် ဆွဲသွင်းလျက်ရှိသည်ဟု စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည့်အတွက် မော်လ်ဒိုဗာ နိုင်ငံအား စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ဥရောပကောင်စီက ပြောကြားခဲ့ပါသည်။ မော်လ်ဒိုဗာနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုမဟုတ်သော်လည်း ဥရောပသမဂ္ဂအနေဖြင့် စစ်ရေးထောက်ပံ့မှုများ တိုးမြှင့် ပေးအပ်သွားရန် စီစဉ်ခြင်းသည် လက်ရှိ စစ်ရေးပဋိပက္ခနှင့် ရင်ဆိုင်ရလျက်ရှိသည့် ယူကရိန်းနိုင်ငံနည်းတူ မော်လ်ဒိုဗာနိုင်ငံကိုလည်း စစ်ရေးပဋိပက္ခများ ထပ်မံကြုံတွေ့ ရခြင်းမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

No comments:

Post a Comment