Xinhua;May-31(Tue)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆီးရီးယားနှင့်ယူကရိန်းအရေးကိစ္စများကြောင့် ၎င်းတို့၏လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများ နှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် မေလ ၃၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူရကီသမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် တောင်ဘက်တွင် ဆီးရီးယား၊ အီရတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ တူရကီစစ်ဘက်အနေဖြင့် ဒေသတွင်းရှိ အကြမ်းဖက်ခြိမ်းခြောက်မှု များကိုတိုက်ဖျက်ရန်အတွက် ဆီးရီးယားနှင့်ထိစပ်လျက်ရှိသော ၎င်း၏တောင်ပိုင်းနယ်စပ် တစ်လျှောက်၌ စစ်ဆင်ရေးဆောင်ရွက်မှုအသစ်များကို မကြာမီစတင်လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက်တွင် အထက်ပါအတိုင်း သမ္မတနှစ်ဦး၏ ဆွေးနွေးမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီအစိုးရသည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်မှ စတင်၍ ဒေသအတွင်းအကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများအပြင် ဒေသခံ များငြိမ်းချမ်းစွာအခြေချနေထိုင်နိုင်ရေးအတွက် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ Euphrates Shield (2016)၊ Olive Branch (2018) နှင့် Peace Spring (2019) အမည်ရှိ နယ်စပ် ဖြတ်ကျော်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး ၃ ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ ကြောင်း တွေ့ရှိရပါသည်။ သို့သော် တူရကီစစ်ဘက်တပ်ဖွဲ့များနှင့် ကာ့ဒ် YPG တပ်ဖွဲ့ဝင် များသည် ယခုနှစ်အစောပိုင်းမှစ၍ ဒေသအတွင်း မကြာခဏအပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အပြင် တိုက်ပွဲများပြန်လည်အရှိန်မြင့်တက်လာခဲ့ပါသည်။ ထို့ကြောင့် တူရကီသမ္မတနှင့် ရုရှားသမ္မတတို့သည် ဆီးရီးယားနှင့်တူရကီနယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀ (မိုင် ၂၀) ခန့်ရှိသော ဘေးကင်းဇုန်များဖန်တီးရေးနှင့် လက်ရှိဖြစ်ပွား လျက်ရှိသော ရုရှား-ယူကရိန်းပဋိပက္ခတွင်လည်း အပြုသဘောဆောင်သော အကြံပြု ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။ ရုရှားနှင့် တူရကီတို့သည် ရာစုနှစ်များစွာကြာ ပဋိပက္ခဖြစ်ပွားခဲ့သည့် မှတ်တမ်းများရှိခဲ့သော်လည်း မျက်မှောက်ကာလတွင် အပြုသဘော ဆောင်သော ဆွေးနွေးမှုများပြုလုပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်မှုများဖြစ်ပေါ် လာမည်ဆိုပါက တူရကီအနေဖြင့် ဆီးရီးယားအရေးကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် ရုရှားနိုင်ငံအနေဖြင့်လည်း ရုရှား-ယူကရိန်းပဋိပက္ခတွင် တူရကီ၏ အပြုသဘော ဆောင်သော ကြားဝင်ဆောင်ရွက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment