APnews;May-26(Thu)
အယ်လ်ဘေးနီးယားသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခများဖြစ်ပေါ်နေချိန် တွင် NATO မဟာမိတ်အဖွဲ့၏ အရေးပါသောနိုင်ငံတစ်ခုအဖြစ်ပြသနိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ၎င်းတို့နိုင်ငံရှိ ပါရှာလီမန် (Pashaliman) ရေတပ်အခြေစိုက်စခန်းကို အသုံးပြုသွားရန် NATO အဖွဲ့ထံကမ်းလှမ်းခဲ့ကြောင်း အယ်လ်ဘေးနီးယားဝန်ကြီးချုပ်ရုံးက မေလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အယ်လ်ဘေးနီးယားနိုင်ငံ၏မြို့တော် တီရာနာ (Tirana) ၏ တောင်ဘက် ၁၈၀ ကီလိုမီတာ (၁၁၀ မိုင်) အကွာရှိ ပါရှာလီမန်ရေတပ် အခြေစိုက်စခန်းသည် NATO မဟာမိတ်အဖွဲ့အတွက် နောက်ထပ်အရေးပါသည့်နေရာ တစ်ခုဖြစ်လာနိုင်ကြောင်းနှင့် ပြုပြင်မွမ်းမံမှုဆိုင်ရာစီမံကိန်းတစ်ရပ်ကိုလည်း ပြင်ဆင် ထားရှိကြောင်း ဝန်ကြီးချုပ် အဒီရာမာ (Edi Rama) က ပြောကြားခဲ့ပါသည်။ ထို့ပြင် NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့်လည်း အယ်လ်ဘေးနီးယားနိုင်ငံတွင် NATO ရေတပ်အခြေစိုက်စခန်းတစ်ခုထားရှိရန် စဉ်းစားသုံးသပ်နိုင်မည်ဟု ယုံကြည်ကြောင်း ရာမာက ဆက်လက်ပြောကြားခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် NATO အဖွဲ့ဝင်ဖြစ်လာခဲ့သော အယ်လ်ဘေးနီးယားသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် ရုရှား၏ဆောင်ရွက်ချက် များကို အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့်အတူ ရှုတ်ချခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။
ဗီလိုရာ (Vlora) ပင်လယ်အော်ရှိ ပါရှာလီမန်ရေတပ်အခြေစိုက်စခန်းအား ဆိုဗီယက် ပြည်ထောင်စုက ရေငုပ်သင်္ဘော ၁၂ စီးထားရှိရန်အတွက် ၁၉၅၀ ပြည့်နှစ်များတွင် တည်ဆောက်ခဲ့ပြီး မြေထဲပင်လယ်အတွင်း ၎င်းတို့ပိုင်ဆိုင်သည့် တစ်ခုတည်းသော ရေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်လာခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် အယ်လ်ဘေးနီးယား-ရုရှား ဆက်ဆံရေးပြိုကွဲပြီးနောက် ပါရှာလီမန်သည် ရေငုပ်သင်္ဘော ၄ စီးနှင့် အခြား စစ်သင်္ဘောငယ်များထားရှိသည့် ရေတပ်စခန်းအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။ အယ်လ်ဘေးနီးယားနိုင်ငံ၏ ပိရမစ်ရင်းနှီးမြုပ်နှံမှုအစီအစဉ် (Pyramid Investment Scheme) အောင်မြင်ခြင်းမရှိခဲ့သည့်အတွက် ၁၉၉၇ ခုနှစ်တွင် နိုင်ငံအတွင်း၌ မင်းမဲ့စရိုက် ဖြစ်စဉ်များပေါ်ထွက်လာခဲ့ပြီး ပါရှာလီမန်ရေတပ်အခြေစိုက်စခန်းရှိ ရေငုပ်သင်္ဘောများမှ ပစ္စည်းများအား ဖောက်ထွင်းလုယက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ထို့နောက် ပါရှာလီမန်ရေတပ် အခြေစိုက်စခန်းအား တူရကီနိုင်ငံက ပြန်လည်မွမ်းမံခဲ့ပြီး အိုင်ရိုနီယန် (Ionian) နှင့် အေဒရီယက်တစ် (Adriatic) ပင်လယ်တို့တွင် ကင်းလှည့်နေသော စစ်သင်္ဘောအချို့ အတွက် ရေတပ်အခြေစိုက်စခန်းတစ်ခုအဖြစ် ပြန်လည်အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment