Tuesday, May 17, 2022

တူရကီ၏ F-16 တိုက်လေယာဉ်များအဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုကို ယှဉ်ပြိုင်သည့် အနေဖြင့် ဂရိနိုင်ငံက F-35 တိုက်လေယာဉ်များ ဝယ်ယူရန်ကြိုးပမ်းလျက်ရှိခြင်း

Defensenews; May-18 (Wed)
     တူရကီနိုင်ငံအနေဖြင့် ၎င်း၏ သက်တမ်းရင့် F-16 တိုက်လေယာဉ်များကို အဆင့် မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသဖြင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) သည် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် မေလ ၁၆ ရက်တွင် အမေရိကန်သမ္မတရုံးနှင့် ဥပဒေပြုလွှတ်တော်သို့ သွားရောက်ခဲ့ကြောင်း Defensenews သတင်းဌာနက မေလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အလားတူ တူရကီအာဏာပိုင်များ အနေဖြင့်လည်း F-16 တိုက်လေယာဉ်များအား ဒုံးကျည်များ၊ ရေဒါနှင့် အီလက်ထရွန်နစ် ပစ္စည်းအသစ်များအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် တန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်အား အမေရိကန်အထက်လွှတ်တော်ထံမှ ခွင့်ပြုချက် ရယူနိုင်ရန်အတွက် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပါသည်။

ဂရိနိုင်ငံအနေဖြင့် F-35 တိုက်လေယာဉ် ဝယ်ယူရေးလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုမကုန်မီတွင် ဂရိလေတပ်၌ အသုံးပြုနိုင် မည်ဟုမျှော်မှန်းထားကြောင်း မစ်ဆိုတားကစ်က အိမ်ဖြူတော်၌ ပြောကြားခဲ့ပါသည်။ လော့ခ်ဟိမာတင် (Lockheed Martin) ကုမ္ပဏီသည် ဂရိနိုင်ငံ၏ လေကြောင်းနှင့် အာကာသပစ္စည်းများထုတ်လုပ်သည့် Hellenic aerospace စက်မှုလုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံသွားရန် စိတ်ဝင်စားလျက်ရှိကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထို့ပြင် လော့ခ်ဟိမာတင်ကုမ္ပဏီသည် F-35 တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရေးအစီအစဉ်တွင်ပါဝင်ရန် ဂရိနိုင်ငံအား ဖိတ်ကြားမှုများ ရှိခဲ့ကြောင်းလည်း ဂရိအစိုးရအရာရှိများ၏ ပြောကြားချက်များကို ကိုးကား၍ သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြပါသည်။ ဂရိနှင့် အမေရိကန်နိုင်ငံတို့အကြား ၇၅ နှစ်ကျော်ကြာ မိတ်ဖက် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်ခဲ့မှုနှင့် ဂရိအစိုးရ၏ F-35 တိုက်လေယာဉ်များ အပေါ် စိတ်ဝင်စားမှုတို့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နှစ်နိုင်ငံအကြား လေယာဉ်ဝယ်ယူရေးဆိုင်ရာဆွေးနွေးမှုများနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ လိုအပ် ချက်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လော့ခ်ဟိမာတင်ကုမ္ပဏီက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။ 

သုံးသပ်ချက်

        ဂရိနှင့် အမေရိကန်နိုင်ငံတို့သည် ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံများဖြစ်သည့် အားလျော်စွာ ခိုင်မာအားကောင်းသည့် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားသည့် နိုင်ငံများဖြစ်ကြပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်နှင့်ဆက်ဆံရေးတင်းမာနေစဉ်တွင် ဂရိနှင့်ဆက်ဆံရေးမှာ ပိုမိုခိုင်မာအားကောင်းလာခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်-ဂရိ ကာကွယ်ရေးသဘောတူညီချက်အရ အမေရိကန်စစ်ဘက်အနေဖြင့် ဂရိနိုင်ငံအပေါ် စစ်လက်နက်စ္စည်းများထောက်ပံ့လျက်ရှိသည့်အပြင် နည်းပညာဆိုင်ရာအကူအညီများလည်း ပံ့ပိုးပေးလျက်ရှိပါသည်။ တူရကီနိုင်ငံအနေဖြင့် F-16 ဂျက်လေယာဉ်များအား ဒုံးကျည်များ၊ ရေဒါနှင့် အီလက်ထရွန်နစ်ပစ္စည်းအသစ်များအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ခန့်တန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်အား အမေရိကန်အထက် လွှတ်တော်ထံမှ ခွင့်ပြုချက်ရယူနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တူရကီ၏ ကြိုးပမ်းမှုကိုဆန့်ကျင်သည့်အနေဖြင့် ဂရိနိုင်ငံသည် အမေရိကန်နိုင်ငံထံမှ F-35 တိုက်လေယာဉ်များဝယ်ယူ၍ နိုင်ငံ၏စစ်ဘက်ကို အဆင့်မြှင့်တင်သွားရန်စီစဉ်ကာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ ပါသည်။ ဂရိနိုင်ငံ၏အထက်ပါဆောင်ရွက်ချက်သည် တူရကီ၏စစ်ရေးပိုင်ဆိုင်မှုများကို အန်တုနိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်သည့်အပြင် မြေထဲပင်လယ်အတွင်း ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေသည့် တူရကီ၏လုပ်ရပ်များကိုတုံ့ပြန်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Lockheed Martin အနေဖြင့်လည်း F-35 တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်မည့်အစီအစဉ်၌ ဂရိနိုင်ငံအားပါဝင်စေရန် ဖိတ်ကြားမှုများရှိခဲ့ကြောင်း လည်း ဂရိစစ်ဘက်သတင်းအရင်းအမြစ်များက ရေးသားဖော်ပြလျက်ရှိပါသည်။ ဂရိ စစ်ဘက်အနေဖြင့် F-35 တိုက်လေယာဉ်ဝယ်ယူရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုမကုန်မီတွင် ဂရိလေတပ်၌ထည့်သွင်းနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။ ဂရိနှင့်အမေရိကန်တို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု များမြင့်တက်လာခြင်းသည် ရုရှားနှင့်ဆက်ဆံရေးတိုးမြှင့်လာသည့် တူရကီအပေါ်ဖိအား ပေးသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သောကြောင့် တူရကီနှင့်ဂရိတို့အကြား ဆက်ဆံရေးမှာ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည်သာဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment