Greekcitytimes;May-25(Wed)
ဥရောပလွှတ်တော်သည် အယ်လ်ဘေးနီးယားနှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ တို့၏ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ရန် ဥရောပကောင်စီ (European Council) အား တိုက်တွန်း ပြောကြားခဲ့ကြောင်း Greekcitytimes သတင်းဌာနက မေလ ၂၅ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ ဥရောပကောင်စီအနေဖြင့် ရုရှားနှင့် ပထဝီအနေအထားအရ ဆက်နွှယ်မှု ရှိသောနိုင်ငံများ အထူးသဖြင့် အယ်လ်ဘေးနီးယားနှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ တို့၏ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်များအား မေလ ၂၄ ရက်တွင် အတည်ပြု ခဲ့သည့် အစီရင်ခံစာ ၂ စောင်နှင့်အညီ တရားဝင်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် လွှတ်တော် အမတ်များက အလေးထားပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံသည် ဥရောပကောင်စီက ချမှတ်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ဖြည့်ဆည်းဆောင်ရွက်နိုင် ခဲ့သော်လည်း ဥရောပကောင်စီအနေဖြင့် ၎င်းတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် အဆိုပါပျက်ကွက်မှုသည် ဥရောပသမဂ္ဂအပေါ်ထားရှိသည့် ပြည်သူများ၏သဘောထားကို ထိခိုက်မှုရှိစေပြီး ဥရောပသမဂ္ဂ၏ ကျယ်ပြန့်သည့်မူဝါဒ ကိုလည်း ထိခိုက်စေနိုင်ကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့ပါသည်။
မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် အနောက်ဘောလ်ကန်ဒေသတစ်လျှောက် တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သော မှတ်တမ်း များရှိခဲ့ပြီး ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင်လည်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒနှင့်အညီ အပြည့်အဝပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများအား တရားဝင်စတင်ရန် လွှတ်တော်အမတ်များက တိုက်တွန်း ခဲ့ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေး၊ တရားရေးဆိုင်ရာ လွတ်လပ်မှုနှင့် လူနည်းစု အခွင့်အရေးများ၊ အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုနှိမ်နင်းရေး၊ ပြည်သူ့အုပ်ချုပ်ရေးစနစ် ပြောင်းလဲရန်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ခိုင်မာစေရန်အတွက် မြောက်မက်ဆီဒိုးနီးယား နိုင်ငံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများကိုလည်း လွှတ်တော်အမတ်များက ချီးကျူးပြောကြားခဲ့ပါသည်။ မြောက်မက်ဆီဒိုးနီးယားနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့၏ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား ဥရောပ လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၀၈ မဲ၊ ကန့်ကွက်မဲ ၅၆ မဲနှင့် ကြားနေမဲ ၃၅ မဲတို့ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment