The Defense Post; May-25 (Wed)
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ ပေါင်းစပ်ဖွဲ့စည်းထားသည့် လေကြောင်းနှင့်ဒုံးကျည်ကာကွယ်ရေးစနစ်အား ပိုမိုခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ ပြင်သစ်နိုင်ငံသည် MAMBA လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် ပစ်ခတ်မှုထိန်းသိမ်းရေး ဌာနအား NATO အဖွဲ့ဝင်ဖြစ်သည့် ရိုမေးနီးယားနိုင်ငံ၌ တပ်ဖြန့်ချထားမှုများ လုပ်ဆောင်ခဲ့ကြောင်း The Defense Post သတင်းဌာနက မေလ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ MAMBA လေကြောင်းရန်ကာကွယ်ရေးစနစ်အား အကွာအဝေး ၆၀၀ ကီလိုမီတာ (၃၇၃ မိုင်) ပစ်ခတ်နိုင်သော နည်းဗျူဟာမြောက် တိုက်ချင်းပစ် ဒုံးကျည်များအပါအဝင် ခရုဇ်ဒုံးကျည်များ၊ တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ် များဖြင့် တိုက်ခိုက်လာနိုင်သည့် စစ်မြေပြင်နှင့် နည်းဗျူဟာမြောက်နေရာများကို ကာကွယ်ရန်ရည်ရွယ်၍ အထက်ပါအတိုင်း တပ်ဖြန့်ထားခြင်းဖြစ်ပါသည်။ Aster 30 ကြားဖြတ်ဒုံးကျည်များနှင့် Arabel ဘက်စုံသုံးရေဒါစနစ်တို့ပါဝင်သော ၎င်းလေကြောင်းရန် ကာကွယ်ရေးစနစ်အားလည်ပတ်ရန် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ ဦးခန့် လိုအပ်ပြီး နည်းဗျူဟာမြောက် အချက်အလက်ဖလှယ်ချင်းမှတစ်ဆင့် ရိုမေးနီးယားနှင့် NATO ကာကွယ်ရေးစနစ်များဖြင့် ပေါင်းစပ်အသုံးပြုနိုင်ပါသည်။
အထက်ပါလေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဖြန့်ခြင်းသည် ပြင်သစ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုကို ပြသခြင်းဖြစ်သလို ပြင်သစ်နှင့် ၎င်းမဟာမိတ်တို့၏အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ကြောင်း ပြင်သစ်စစ်ဘက်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပါစကယ် အီရာနီ (Pascal Ianni) က ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါတပ်ဖြန့်ခြင်းသည် ၂၀၀၇ ခုနှစ်မှစတင်ကာ ပြင်သစ်နှင့် ရိုမေးနီးယားနိုင်ငံတို့၏ လေကြောင်းရန် ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေမည်ဖြစ်ပါသည်။ အဆိုပါ လေကြောင်းရန် ကာကွယ်ရေးစနစ်အား ရိုမေးနီးယားနိုင်ငံ၌ တပ်ဖြန့်ထားရှိသည့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ပြင်သစ်နိုင်ငံတို့ပါဝင်သော NATO နိုင်ငံပေါင်းစုံတပ်ရင်းကြီးတွင် ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment