Tuesday, May 31, 2022

ဂရိရှိ အမေရိကန်အခြေစိုက်စခန်းများသည် ၎င်းတို့နိုင်ငံ၏လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း

 

Fox News; May-31(Tue)

              ဂရိနိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများသည် တူရကီနိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဒဲ့ဘလက်ဘက်ချာလီ (Devlet Bahceli) က မေလ ၃၁ ရက်တွင် အခိုင်အမာ ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် ဂရိနိုင်ငံတို့သည် ၅ နှစ်တာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်ကို မေလအစောပိုင်းတွင် ချုပ်ဆိုခဲ့ကြပြီး အဆိုပါသဘောတူညီချက် အရ အမေရိကန်နိုင်ငံအနေဖြင့် ဂရိနိုင်ငံ၊ ခရီတီ (Crete) ကျွန်းတွင် ကာလရှည်ကြာစွာ အခြေစိုက်ထားခဲ့သည့် ရေတပ်အခြေစိုက်စခန်းအား ဆက်လက်ထားရှိခွင့်ရရှိသည့်အပြင် အခြေစိုက်စခန်းအသစ် ၃ ခုကိုလည်း ဂရိနိုင်ငံတွင် ထပ်မံတိုးချဲ့တပ်ဖြန့်ချထားခွင့် ရရှိမည်ဖြစ်ပါသည်။ အမေရိကန်နှင့် ဂရိနိုင်ငံတို့ အထက်ပါလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဘက်ချာလီက အမေရိကန်နိုင်ငံအနေဖြင့် တူရကီနှင့် ဂရိဆက်ဆံရေးကို ဆိုးရွားလာစေရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် နှစ်နိုင်ငံအကြားပဋိပက္ခများအား ပိုမို ပြင်းထန်လာစေရန် တွန်းပို့လျက်ရှိကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။

              ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည်  မေလအစောပိုင်းတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အမေရိကန် ဥပဒေပြုအမတ်များအနေဖြင့် တူရကီနိုင်ငံ၏ လက်နက်ဝယ်ယူရေးဆိုင်ရာ အဆိုပြုချက် များကို ပယ်ချသင့်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။ ထို့ပြင်  တူရကီနိုင်ငံသည် အမေရိကန်နှင့် ဂရိနိုင်ငံအကြားချုပ်ဆိုခဲ့သည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပေါ် ပိတ်ပင်ရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်များကိုလည်း ထောက်ခံလျက်ရှိကြောင်း သတင်းအရင်းအမြစ်အချို့က စွပ်စွဲပြောကြားလျက်ရှိပါသည်။ တူရကီနှင့် ဂရိနိုင်ငံတို့သည် ကျွန်းများပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားလျက် ရှိသည့် နိုင်ငံများဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment