Saturday, July 16, 2022

ဥရောပသမဂ္ဂသည် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်သွားရန် စီစဉ်လျက်ရှိခြင်း

Economictimes; Jul-16(Sat)

ဥရောပသမဂ္ဂသည် ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် တင်းကျပ်သည့် အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်သွားရန် စီစဉ်လျက်ရှိကြောင်း Economic Times သတင်းဌာနက ဇူလိုင်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းအရေးယူ ပိတ်ဆို့မှုအသစ်တွင် ရုရှားရွှေတင်ပို့မှုအားပစ်မှတ်ထားခြင်း၊ စက်ပစ္စည်းများအပေါ် ကုန်သွယ်မှုကန့်သတ်ခြင်းနှင့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် ၅၀ ကျော်အား အရေးယူ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခြင်းတို့ပါဝင်ကြောင်း ဥရောပသမဂ္ဂနှင့် နီးစပ်သူများက ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် လက်ရှိအချိန်အထိ ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်မှု များပြုလုပ်လျက်ရှိသည့်အတွက် ဥရောပသမဂ္ဂအနေဖြင့် ထိုသို့ ပြင်းထန်သည့်အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအရေးယူပိတ်ဆို့မှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ သက်တမ်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် (Ursula von der Leyen) က ပြောကြားခဲ့ပါသည်။

အဆိုပါအရေးပိတ်ဆို့မှုများကို လာမည့်သီတင်းပတ်တွင် တရားဝင်ချမှတ်သွား မည်ဖြစ်ကြောင်းနှင့် ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူပိတ်ဆို့မှု သက်ရောက်စေရန် အဖွဲ့ဝင်နိုင်ငံအားလုံးက တညီတညွတ်တည်းသဘောတူညီရန် လိုအပ်ကြောင်း နီးစပ်သူများက ပြောကြားခဲ့ပါသည်။ သို့ရာတွင် ဥရောပသမဂ္ဂ၏ ၎င်းအရေးယူပိတ်ဆို့မှုတွင် ရုရှားနှင့် အခြားသောနိုင်ငံများအကြား စိုက်ပျိုးရေးထွက်ကုန် များအပေါ် ကုန်သွယ်မှုကို ပစ်မှတ်ထားခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာစျေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေး နိုင်ရန်အတွက် ဥရောပသမဂ္ဂအနေဖြင့် အရေးယူပိတ်ဆို့မှုအသစ်နှင့်ပတ်သက်သည့် ယခုကြေညာချက်အား လမ်းညွှန်ချက်တစ်ခုအဖြစ်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment