Tass; Jul-3(Sun)
ဘူလ်ဂေးရီးယားအစိုးရသည် မြို့တော် ဆိုဖီယာ (Sofia) ရှိ ရုရှားသံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံတမန်များနှင့် နည်းပညာဆိုင်ရာအမှုထမ်း ၇၀ ဦးကို ဇွန်လ ၂၈ ရက်တွင် နိုင်ငံအတွင်းမှနှင်ထုတ်ပြီး ဝန်ထမ်းအရေအတွက်ကို အနိမ့်ဆုံး အဆင့်ထိလျှော့ချခဲ့ကြောင်းနှင့် ထိုကဲ့သို့လျှော့ချခဲ့ခြင်းကြောင့် သံရုံးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) က ဇူလိုင်လ ၃ ရက်တွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် သံရုံးရှိ နည်းပညာဆိုင်ရာဝန်ထမ်းများ အားလုံးကိုလည်း သံတမန် အခွင့်အရေးများ ရုပ်သိမ်း (personae non grata) လိုက်ခြင်းသည် သံရုံးလုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း ဇာခါရိုဗာက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ ဝန်ထမ်းအင်အားနည်းပါးလာမှုကြောင့် ရုရှားသံရုံးနှင့် ကောင်စစ်ဝန်ရုံး တို့သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရပါသည်။
အဆိုပါနှင်ထုတ်ခံရသည့်စာရင်းတွင် ရုရှားသံရုံး၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖီလစ် ဗိုစ်ကာရီဆန်စကီ (Filipp Voskresensky)၊ ကောင်စစ်ဝန်ချုပ် ဗလာဒီမာကလီမန့်နော့ဗ် (Vladimir Klimanov) နှင့် ရုရှားသတင်းအချက်အလက်နှင့်ယဉ်ကျေးမှုဌာန ဒါရိုက်တာ ယူရီမာကူရှင် (Yury Makushin) တို့လည်း ပါဝင်ပါသည်။ ထိုကဲ့သို့ တရားမဝင်အခြေအမြစ် မရှိသောဆုံးဖြတ်ချက်များကိုရုပ်သိမ်းရန် ရုရှားနိုင်ငံက ဘူလ်ဂေးရီးယားနိုင်ငံထံ တောင်းဆိုခဲ့ပြီး ရုရှားနိုင်ငံရှိ ဘူလ်ဂေးရီးယားသံရုံးကိုလည်း ပိတ်သိမ်းသည်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါသတိပေးချက်ကို ဘူလ်ဂေးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက လျစ်လျူရှုခဲ့သဖြင့် ၎င်းတို့နိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံအပေါ် လက်တုံ့ပြန်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ရုရှား အစိုးရကပြောကြားထားသည်ဟု သိရှိရပါသည်။
No comments:
Post a Comment