Thursday, July 7, 2022

တူကီယဲသည် ဆွီဒင်၊ ဖင်လန်တို့အား NATO အဖွဲ့ဝင်အဖြစ် သဘောတူပြီးနောက် တရားခံလွှဲပြောင်းရေးကိစ္စကို ထပ်မံတောင်းဆိုခဲ့ခြင်း

 

Xinhua; Jul-7(Thu)

              တူကီယဲနိုင်ငံသည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှု အတွက် နော်ဒစ်နိုင်ငံများနှင့်ပြုလုပ်ထားသည့် သဘောတူညီချက်အရ အကြမ်းဖက် သံသယရှိသူများကို လွှဲပြောင်းပေးရေးကို ဇူလိုင်လ ၆ ရက်တွင် ထပ်မံတောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ယခင်ပယ်ချခံခဲ့ရသော တောင်းဆိုချက်အချို့ကို ပြန်လည်တောင်းဆိုခဲ့ပြီး မတုံ့ပြန်သေးသော တောင်းဆိုချက် အချို့ကိုလည်း ပြန်လည်သတိပေးခဲ့ကြောင်း တူကီယဲတရားရေးဝန်ကြီး ဘီကီယာ ဘော့ဇ်ဒက် (Bekir Bozdag) က Haber Global ရုပ်သံလိုင်းနှင့်ပြုလုပ်သည့် အင်တာဗျူး အတွင်း ပြောကြားခဲ့ပါသည်။

 

သုံးသပ်ချက်

              နော်ဒစ်နိုင်ငံများဖြစ်သည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် တူကီယဲနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နှင့် ဖက်သူလက်ဂူလန်အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ် နေသည့် သံသယရှိသူများကို လွှဲပြောင်းပေးရန် တောင်းဆိုမှုများကိုပယ်ချခဲ့ခြင်းကြောင့် NATO အဖွဲ့ထံ ဝင်ရောက်မည့် ၎င်းတို့၏ လုပ်ငန်းစဉ်များကို တူကီယဲနိုင်ငံက အစောပိုင်း ကာလတွင် ဗီတိုအာဏာသုံးကာ ပိတ်ဆို့တားမြစ်ခဲ့ပါသည်။ PKK အဖွဲ့သည် တူကီယဲ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းဖြစ်ပြီး တူကီယဲအစိုးရကို တော်လှန်ပုန်ကန်နေသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် တူကီယဲသည် NATO အဖွဲ့သို့ဝင်ရောက်မည့် ၎င်းတို့၏တောင်းဆိုချက်များအား လက်ခံသဘောတူနိုင်ရေးအတွက် ဇွန်လ ၂၈ ရက်တွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ပြုလုပ်ခဲ့သည့် NATO ထိပ်သီးအစည်းအဝေးအတွင်း ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်း စာချွန်လွှာ၌ ဖင်လန်နှင့် ဆွီဒင်တို့သည် တူကီယဲနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ထောက်ပံ့သွားရန်ကတိပြုခဲ့ပြီး အကြမ်းဖက်မှုသံသယ ရှိသူများအား နေရပ်ပြန်ပို့ခြင်း၊ သို့မဟုတ် လွှဲပြောင်းပေးရေး တောင်းဆိုမှုများကို အရှိန်အဟုန်ဖြင့် စေ့စေ့စပ်စပ်ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြပါသည်။ ထို့ပြင် ၎င်းအချက်အလက်များကို လိုက်နာဆောင်ရွက်ရန်အတွက်လည်း စောင့်ကြည့်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ ထို့ကြောင့် တူကီယဲအနေဖြင့် ၎င်းသဘောတူညီချက်များကို အခြေခံကာ ယခင်ပယ်ချခံခဲ့ရသော တောင်းဆိုချက်အချို့ကို ပြန်လည်တောင်းဆိုခဲ့ပြီး မတုံ့ပြန်သေးသော တောင်းဆိုချက်အချို့ကိုလည်း ပြန်လည်သတိပေးခဲ့ပါသည်။ တူကီယဲ အနေဖြင့် ဖင်လန်နှင့် ဆွီဒင်တို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရန် ကမ်းလှမ်းချက်များကို ၃ နိုင်ငံလုံခြုံရေးသဘောတူညီချက်များချမှတ်၍ လက်ခံခဲ့ခြင်းကြောင့် တူကီယဲ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် တရားခံလွှဲပြောင်းရေးကိစ္စရပ်များတွင် အထောက်အကူဖြစ်လာစေနိုင်ပြီး နိုင်ငံ၏လုံခြုံရေးကဏ္ဍကိုလည်း ခိုင်မာအားကောင်း လာစေနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment