Odessa Journal; Jul-22(Fri)
မော်ဒိုဗာအစိုးရအနေဖြင့် ထရန်စ်နစ္စထရီးယားဒေသတွင် တပ်စွဲထားသော ရုရှားတပ်ဖွဲ့ဝင်များ လဲလှယ်တာဝန်ထမ်းဆောင်ခြင်း၊ ခဲယမ်းများသယ်ယူပို့ဆောင်ခြင်း များအတွက် ၎င်းတို့နိုင်ငံ၏ ပိုင်နက်နယ်မြေကို ဖြတ်သန်းအသုံးပြုခွင့်ပေးမည်မဟုတ် ကြောင်း မော်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု Odessa Journal က ဖော်ပြခဲ့ပါသည်။ ထရန်စ်နစ္စထရီးယားဒေသသည် မော်ဒိုဗာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး သီးခြားလွတ်လပ်သော ခွဲထွက်ပြည်နယ်အဖြစ် ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့သော် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးသည် ထရန်စ်နစ္စထရီးယားဒေသအား မော်ဒိုဗာနိုင်ငံ၏ တရားဝင်အစိတ်အပိုင်းတစ်ခုအဖြစ်သာ သတ်မှတ်ထားပါသည်၊၊ သို့သော် မော်ဒိုဗာ အစိုးရနှင့် ထရန်စ်နစ္စထရီးယားတို့အကြား စစ်ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရုရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၎င်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ် ရေးထိုး၍ စစ်ရေးပဋိပက္ခအား အဆုံးသတ်စေခဲ့ပါသည်။ ၎င်းအချိန်မှစ၍ ရုရှားစစ်ဆင်ရေး တပ်ဖွဲ့ (Operational Group of Russian Forces-OGRF) မှ တပ်ဖွဲ့ဝင် ၁၅၀၀ မှ ၁၇၀၀ ဦး ခန့်သည် ထရန်စ်နစ္စထရီးယားဒေသတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်အဖြစ် ယနေ့ အချိန်အထိ ဆက်လက်တပ်စွဲထားရှိနေခြင်း ဖြစ်ပါသည်။
ထရန်စ်နစ္စထရီးယားဒေသ၌ ရုရှားစစ်ဘက်တပ်ဖွဲ့ဝင်များနှင့် ခဲယမ်းသိုလှောင်ရုံ များအား ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းဆုတ်ခွာရေးအစီအစဉ်ကို ပြန်လည်စတင်သွားရန် လိုအပ်ကြောင်း မော်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့ပါသည်။ ထရန်စ်နစ္စထရီးယားဒေသ၌ ရုရှားတပ်ဖွဲ့ဝင်များတည်ရှိမှုသည် တရားဝင်မှု မရှိကြောင်းနှင့် အဆိုပါဒေသမှထွက်ခွာပေးရန် မော်ဒိုဗာအစိုးရက တောင်းဆိုမှုများ ပြုလုပ်လျက်ရှိပါသည်။ ယူကရိန်းနိုင်ငံအနေဖြင့် ယခင်က ထရန်စ်နစ္စထရီးယားဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရုရှားတပ်ဖွဲ့ဝင်များ လဲလှယ်တာဝန်ထမ်းဆောင်ခြင်း များနှင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မှုများအား ၎င်းတို့၏နယ်မြေပိုင်နက်ကို အသုံးပြုဖြတ်သန်းသွားလာခွင့်ပြုခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှစတင်ကာ ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် ယခုအချိန်တွင် ထရန်စ်နစ္စထရီးယားဒေသရှိ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် မော်ဒိုဗာနိုင်ငံ၏ ပိုင်နက်နယ်မြေများကို ဖြတ်သန်းသွားလာခွင့်ရရှိရန် လိုအပ်လျက်ရှိကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment