Sunday, July 24, 2022

အယ်လ်ဘေးနီးယားသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်ခဲ့ခြင်း

 

AP; Jul-25(Mon)

              အယ်လ်ဘေးနီးယားသမ္မတသစ် ဘာဂျ်ရမ်ဘီဂါ့ဂျ် (Bajram Begaj) သည် သမ္မတတာဝန်အား စတင်ထမ်းဆောင်သွားရန်အတွက် ဇူလိုင်လ ၂၄ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်ခဲ့ကြောင်း AP သတင်းဌာနက ဇူလိုင်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း နိုင်ငံရေးပါတီများအား နိုင်ငံ၏ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန်နှင့် နိုင်ငံအတွင်း တရား ဥပဒေစိုးမိုးမှုရှိစေရေးလုပ်ဆောင်သွားရန် ဘီဂါ့ဂျ်က နိုင်ငံရေးပါတီများအား တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် နိုင်ငံအကျိုးစီးပွားထက် မိမိကိုယ်ကျိုး စီးပွားကို ဦးစားပေးသူများအား မျက်နှာသာပေးသွားမည်မဟုတ်ကြောင်းလည်း ဘီဂါ့ဂျ်က ၎င်းကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောကြားခဲ့ပါသည်။ အသက် ၅၅ နှစ်အရွယ်ရှိ ဘီဂါ့ဂျ် သည် လွှတ်တော်တွင် အမတ်နေရာ ၁၄၀ ဦးရှိသည့်အနက် ထောက်ခံမဲ ၇၈ မဲရရှိခဲ့ခြင်းကြောင့် သမ္မတတာဝန်အား တရားဝင်ထမ်းဆောင်သွားရမည်ဖြစ်ပါသည်။

              ဘီဂါ့ဂျ်သည် စစ်ဘက်တွင် တတိယမြောက်ရာထူးအမြင့်ဆုံး အရာရှိကြီးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါသည်။ ယခုကဲ့သို့ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရခြင်းကြောင့် ဘီဂါ့ဂျ်သည် ကွန်မြူနစ်ခေတ်အလွန် အယ်လ်ဘေးနီးယား နိုင်ငံ၏ ၈ ယောက်မြောက်သမ္မတတစ်ဦးဖြစ်လာမည်ဖြစ်ပါသည်။  အယ်လ်ဘေးနီးယား နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသက်တမ်းမှာ  ၅ နှစ်ဖြစ်ပြီး  သမ္မတသည် တပ်မတော်၏ အကြီးအကဲခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့်အပြင် တရားစီရင်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် ထိန်းချုပ်နိုင်သည့်အခွင့်အာဏာလည်း ရရှိထားပါသည်။ ယခုကဲ့သို့  ဘီဂါ့ဂျ်အနေဖြင့်  သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရခြင်းကြောင့်  ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် အခြားသောအနောက်နိုင်ငံများက ဝမ်းမြောက်စွာကြိုဆိုလက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment