Wednesday, July 20, 2022

ဂရိသည် လော့ဟိမာတင်ကုမ္ပဏီ၏ F-35 ပူးတွဲထုတ်လုပ်ရေးအစီအစဉ်တွင်ပါဝင်နိုင်ရန် ဆောင်ရွက်လျက်ရှိခြင်း



Defensenews;Jul-20(Wed)

ဂရိနိုင်ငံသည် လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီ၏ F-35 ပူးတွဲ ထုတ်လုပ်ရေးအစီအစဉ်တွင်ပါဝင်ရန်နှင့် တူကီယဲသို့ F-16 ရောင်းချမှုအား ဟန့်တားနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုအဖြစ် ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအို တိုပိုလက်စ် (Nikolaos Panagiotopoulos) သည် ယခုသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံသို့ သွားရောက်လျက်ရှိကြောင်း Defensenews သတင်းဝဘ်ဆိုက်က ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံ၏ F-35 ပူးတွဲထုတ်လုပ်ရေးအစီအစဉ်သို့ဝင်ရောက် မည့် အလားအလာများနှင့်စပ်လျဉ်း၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin)၊ ပင်တဂွန်စစ်ဌာနချုပ်၏ F-35 ပူးတွဲထုတ်လုပ်ရေးဒါရိုက်တာ ဆန်းဘာ့ဂ် (Sean Burke) တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပန်ဂျီအိုတိုပိုလက်စ်က ဇူလိုင်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် လော့ဟိ မာတင်ကုမ္ပဏီ၏ CEO ဖြစ်သူ ဂျင်တိုင်ကလန့် (Jim Taiclet) နှင့်အတူ ဇူလိုင်လ ၂၀ ရက်တွင် F-35 ထုတ်လုပ်ရေး လုပ်ငန်းအခြေစိုက် တက္ကဆက် (Texas) ပြည်နယ်၊ ဖော့ဝေါ့တ် (Fort Worth) မြို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဂရိနိုင်ငံသည် ၂၀၂၈ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်မှ F-35A အစီးရေ ၂၀ အား ဝယ်ယူရန် ကမ်းလှမ်းသည့်အမှာစာတစ်စောင်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အမေရိကန် နိုင်ငံသို့ ပေးပို့ခဲ့ပါသည်။ ဂရိနိုင်ငံသည် အဆိုပါစာတွင် F-35 တိုက်လေယာဉ်များ ထပ်မံ ဝယ်ယူရန်စိတ်ဝင်စားကြောင်းကို ထပ်မံဖော်ပြခဲ့သော်လည်း ၎င်းစာအား အမေရိကန် ဘက်မှ အတည်ပြုလက်ခံသည်အထိ အချိန်တစ်ခုကြာ စောင့်ဆိုင်းရမည်ဖြစ်ပါသည်။ လော့ဟိမာတင်ကုမ္ပဏီ၏ ပူးပေါင်းထုတ်လုပ်ရေးအစီအစဉ်တွင် အမေရိကန်နှင့် အခြား နိုင်ငံ ၈ နိုင်ငံတို့နှင့်အတူ အဆင့်မြင့်တိုက်လေယာဉ်များထုတ်လုပ်ရေးတွင် ဂရိအနေဖြင့် ၎င်း၏ကိုယ်ပိုင်ရှယ်ယာများပါဝင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဂရိနိုင်ငံ၏ F-35 ပူးတွဲ ထုတ်လုပ်ရေးအစီအစဉ်တွင်ပါဝင်မှုသည် ကာကွယ်ရေးပစ္စည်းဝယ်ယူမှုနယ်ပယ်၌ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်လုပ်ဆောင်ရန်အတွက် ဂရိနှင့် အမေရိကန်တို့၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ပန်ဂျီအိုတိုပိုလက်စ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။


သုံးသပ်ချက်

ဂရိနှင့် တူကီယဲနိုင်ငံတို့သည် အရှေ့ဥရောပဒေသတွင်းရှိ NATO အဖွဲ့ဝင်နိုင်ငံ များဖြစ်သော်လည်း နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ ကောင်းမွန်မှုမရှိကြောင်း တွေ့ရှိရ ပါသည်။ အဘယ်ကြောင့်ဆိုသော် တူကီယဲနိုင်ငံသည် ဆီးရီးယားနိုင်ငံမှ ရွှေ့ပြောင်း ဒုက္ခသည်များအား အများဆုံးလက်ခံထားသောနိုင်ငံဖြစ်ပြီး ၎င်းနိုင်ငံမှတစ်ဆင့် ဥရောပ နိုင်ငံများသို့ ဒုက္ခသည်များရွှေ့ပြောင်းသွားလာနိုင်သော နေရာလည်းဖြစ်ပါသည်။ တူကီယဲ နိုင်ငံသည် ဒုက္ခသည်များအား လက်ခံထားသော်လည်း ၎င်းနိုင်ငံမှ ဥရောပနိုင်ငံများသို့ တရားမဝင်ရွှေ့ပြောင်းသွားလာမည့် ဒုက္ခသည်များအား အလုံးစုံဟန့်တားနိုင်ခြင်းမရှိ သေးပေ။ အဆိုပါဒုက္ခသည်များသည် ဥရောပဒေသတွင် စီးပွားရေးခိုင်မာမှုအားနည်းသော ဂရိနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုများလုပ်ဆောင်လာခဲ့ရာ ယိုင်နဲ့လျက်ရှိသော ဂရိနိုင်ငံ၏ စီးပွားရေးအပေါ် ဖိအားများပိုမိုသက်ရောက်လာပါသည်။ ထို့ကြောင့် ဒုက္ခသည်များ၏ တရားမဝင်ရွှေ့ပြောင်းမှုသည် တူကီယဲအစိုးရမှ ဒုက္ခသည်များအား အတင်းဖိအားပေး ရွှေ့ပြောင်းခိုင်းမှုကြောင့်ဖြစ်သည်ဟု ဂရိအစိုးရက မကြာခဏ စွပ်စွဲမှုများပြုလုပ်ခဲ့ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အေးခဲလာခဲ့ရပါသည်။ အဆိုပါနှစ်နိုင်ငံအကြား ဆက်ဆံရေးချို့ယွင်းခဲ့ရသည့် ဒုတိယအချက်မှာ အရှေ့မြေထဲပင်လယ်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာကိစ္စရပ်များကြောင့်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်ကိစ္စရပ်မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်ဖြစ်ပွားခဲ့ရပြီး နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာတင်းမာမှု များပါဖြစ်ပွားလာခဲ့ရပါသည်။ နောက်ဆက်တွဲအနေဖြင့် တူကီယဲသည် ဂရိ၏ ပိုင်နက် အတွင်းသို့ ထောက်လှမ်းရေးလေယာဉ်များ မကြာခဏစေလွှတ်ခဲ့သည်ဟု ဂရိအစိုးရ ဘက်မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် ဟုန်းခနဲ တောက်လောင်နေခြင်းမရှိသော်လည်း တအုံနွေးနွေးနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိပါသည်။ အကျိုးဆက်အနေဖြင့် ဂရိနိုင်ငံသည် တူကီယဲနိုင်ငံအပေါ် စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း သိသိသာသာတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။ အချုပ်ဆိုရမည်ဆိုသော် ဂရိနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးသည် လတ်တလော အခြေအနေအရ အဆင်ပြေချောမွေ့ဦးမည်မဟုတ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment