Anadolu Agency; Jul-5 (Tue)
တူရကီနှင့် အီတလီနိုင်ငံတို့သည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်းနှင့် နှစ်နိုင်ငံ အကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းသည် အပြန်အလှန် အကျိုးစီးပွားကိုဖော်ဆောင်ခြင်းပင်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ အီတလီ ဝန်ကြီးချုပ် မာရီယိုဒရာဂီ (Mario Draghi) နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာတွင်ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အာဒိုဂန်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
သုံးသပ်ချက်
တူရကီနှင့် အီတလီတို့သည် သံတမန်ဆက်ဆံရေးတစ်ရပ်ကို ၁၈၅၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ကြပြီး ကောင်းမွန်သည့် မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ် ကြပါသည်။ ၎င်းနှစ်နိုင်ငံသည် NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် မြေထဲပင်လယ် သမဂ္ဂအဖွဲ့ဝင် (Union for the Mediterranean) နိုင်ငံများလည်းဖြစ်ကြကာ သံတမန်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တက်ကြွစွာဆောင်ရွက်လျက်ရှိကြပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ၌ အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီနှင့် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အသစ် ၉ ချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက်များသည် ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ သံတမန်ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် စွမ်းအင်ကဏ္ဍများနှင့်ပတ်သက်၍ အလေးထားချုပ်ဆိုခဲ့ သည့်ဘုံသဘောတူညီမှုများပင်ဖြစ်ပါသည်။ အလားတူ နှစ်နိုင်ငံအကြား ကာကွယ်ရေး စက်မှုကဏ္ဍကိုလည်း နက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်ပြီး SAMP/T လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘော တူညီချက်တစ်ရပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးသွားရန် စီစဉ်လျက်ရှိပါသည်။ အလားတူ ၎င်းတို့သည် တူရကီ-ဥရောပသမဂ္ဂ ဆက်ဆံရေး၊ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ဂရိနိုင်ငံသည် နိုင်ငံအတွင်းသို့ ခိုလှုံရန်ရောက်ရှိလာသည့် ရွှေ့ပြောင်း အခြေချနေထိုင်သူများကို ၎င်း၏နယ်စပ်မှထွက်ခွာရန် တွန်းအားပေးမှုများပြုလုပ်ခြင်းသည် ဥရောပသမဂ္ဂကို ခြိမ်းခြောက်မှုထက် အီတလီနိုင်ငံကို ခြိမ်းခြောက်မှုပိုမိုဖြစ်စေခဲ့သော ကြောင့် အီတလီသည် ဒုက္ခသည်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင် ရန်အတွက် တူရကီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ တူရကီနှင့်အီတလီတို့သည် သမိုင်းကြောင်းတစ်လျှောက် ပူးပေါင်း ဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ကြသည့် နိုင်ငံများဖြစ်သည့်အလျောက် ယခုကဲ့သို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းသည် အပြန်အလှန် အကျိုးစီးပွားကို ဖော်ဆောင်ခြင်းဖြစ်သည့်အပြင် အနာဂတ်ကာလများတွင်လည်း ခိုင်မာ အားကောင်းသည့် ဆက်ဆံရေးတစ်ရပ်ကို ဆက်လက်ထူထောင်ထားနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment