Today News Post; Sep-20 (Mon)
ပိုလန်-ဘီလာရုဇ် နှစ်နိုင်ငံနယ်စပ်အနီး ဒုက္ခသည်များသေဆုံးခဲ့ပြီးနောက် ပိုလန်နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်သည့် ဖိအားများမြင့်တက်လာ ခြင်းကို တွန်းလှန်နိုင်ရန်အတွက် နယ်စပ်ဒေသသို့ တပ်ဖွဲ့ဝင်အင်အား ၅၀၀ နှင့် အထူး ယာဉ်များ စေလွှတ်ခဲ့ကြောင်း Today News Post သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဘီလာရုဇ်နှင့် ရုရှားနိုင်ငံတို့သည် ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင် ၂၇ နိုင်ငံအား တည်ငြိမ်မှုမရှိစေရေးအတွက် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း ပိုလန်အစိုးရက စွပ်စွဲပြောကြားခဲ့ပါသည်။ ရုရှားနှင့် ဘီလာရုဇ် တို့၏ ရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ စနစ်တကျလုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ် ပိုလန်နိုင်ငံအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပိုလန်နယ်စပ်အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကိုလည်း အပြည့်အဝချမှတ်သွားမည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ထပ်လောင်းပြောကြားခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီး ကာမင်စကီသည်လည်း မည်သည့်အခြေအနေမျိုးတွင် မဆို နယ်စပ်ကာကွယ်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း နှင့် တပ်ဖွဲ့ဝင်များနှင့်အတူ အထူးယာဉ် ၈ စီးကို ယခုသီတင်းပတ်အတွင်း နယ်စပ် ဒေသသို့ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပိုလန်အာဏာပိုင်များ သည် စက်တင်ဘာလ ၁၉ ရက်တွင် အီရတ်လူမျိုးများဟုယူဆရသော အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို ပိုလန်နယ်စပ်ဘက်၌တွေ့ရှိခဲ့ရပြီး ဘီလာရုဇ်အာဏာပိုင်များ အနေဖြင့်လည်း နယ်စပ်နှင့် ၁ မီတာအကွာနေရာ၌ အီရတ်အမျိုးသမီး ၁ ဦးကို တွေ့ရှိ ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် နယ်စပ်ပဋိပက္ခများ သည် ဥရောပသမဂ္ဂအား တည်ငြိမ်မှုမရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်သည့် ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို (Alexander Lukashenko) ၏ တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment