Monday, September 27, 2021

တူရကီနှင့် အမေရိကန်သမ္မတတို့သည် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး၏ ဆက်စပ် အစည်းအဝေးအဖြစ် တွေ့ဆုံသွားရန်ရှိခြင်း

 

Ahvalnews; Sep-28 (Tue)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လာမည့် အောက်တိုဘာလတွင် အီတလီနိုင်ငံ၊ ရောမမြို့၌ကျင်းပပြုလုပ်မည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့်တွေ့ဆုံသွားရန်စီစဉ်ထားကြောင်း တူရကီနိုင်ငံပိုင် TRT သတင်းဌာနက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အောက်တိုဘာလ ၃၀ နှင့် ၃၁ ရက် တို့တွင် ပြုလုပ်မည့် အဆိုပါထိပ်သီးအစည်းအဝေး၌ တူရကီနိုင်ငံ၏ ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူမှုအပါအဝင် ဆက်ဆံရေးပျက်ပြား စေသည့်ပြဿနာရပ်များ၏ နောက်ခံအကြောင်းအရင်းများကိုလည်း ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့်တူရကီတို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဆီးရီးယားကာ့ဒ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (YPG) အပေါ် အမေရိကန်၏ထောက်ပံ့မှုများဆောင်ရွက်နေခြင်းအား  ရပ်တန့် သွားရန်လိုအပ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က စက်တင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

              နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အထက်ပါဆွေးနွေးမှုများအပါအဝင် F-35 တိုက်လေယာဉ်ရောင်းချမှုအစီအစဉ်များနှင့် အာဖဂန်နစ္စတန်နိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးသွားနိုင်ကြောင်း TRT သတင်း ဌာနကဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို ၂၀၁၉ ခုနှစ်တွင် ဝယ်ယူပြီးနောက် အမေရိကန်သည် F-35 တိုက်လေယာဉ်ရောင်းချမည့်အစီအစဉ်မှ တူရကီနိုင်ငံအားဆိုင်းငံ့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင်လည်း တူရကီအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်။ တူရကီ နိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များ ဒုတိယ အသုတ်ထပ်မံဝယ်ယူသွားရန် ရည်ရွယ်ထားဆဲဖြစ်ကြောင်း စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ပြီးနောက် ထိုသို့ဆောင်ရွက်ခြင်းသည် နေတိုးမဟာမိတ်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်ခြင်းခံရနိုင်ကြောင်း အမေရိကန်နိုင်ငံက သတိပေး ပြောကြားခဲ့ပါသည်။ တူရကီနှင့် အမေရိကန်နိုင်ငံတို့သည် ဆီးရီးယားနှင့် လစ်ဗျား ပဋိပက္ခများအပါအဝင် အရှေ့မြေထဲပင်လယ်၌ စွမ်းအင်ရှာဖွေတူးဖော်ရေးဆိုင်ရာမူဝါဒ များနှင့်ပတ်သက်၍လည်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

တူရကီနှင့် အမေရိကန်နိုင်ငံတို့သည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် နှစ်နိုင်ငံအကြား စစ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် နိုင်ငံ၏လုံခြုံရေးအား အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူခြင်းနှင့် နိုင်ငံအတွင်း စမ်းသပ်မှုများပြုလုပ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တူရကီနိုင်ငံ၏လုပ်ဆောင်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် “အမေရိကန်နိုင်ငံ၏ ရန်ဘက် နိုင်ငံများအပေါ် အရေးယူပိတ်ဆို့မှုများမှတစ်ဆင့် တုံ့ပြန်ဆောင်ရွက်ရေးအက်ဥပဒေ” (Countering America's Adversaries Through Sanctions Act-CAATSA) အရ တူရကီနိုင်ငံအား အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သည့်အပြင် အမေရိကန်၏ F-35 ဂျက်တိုက်လေယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချမည့်အစီအစဉ်ကိုလည်း ရပ်ဆိုင်း ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအတွင်း၌ အမေရိကန်နိုင်ငံနှင့် အကျိုးတူပြုလုပ်လျက် ရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍအား ရပ်ဆိုင်းခြင်းနှင့် အရေးယူပိတ်ဆို့မှု များလည်း ချမှတ်ခဲ့ပါသည်။ ထို့ပြင် တူရကီစစ်ဘက်က တိုက်ခိုက်လျက်ရှိသော ကာ့ဒ်စစ်သွေးကြွတပ်ဖွဲ့များအပေါ် အမေရိကန်ဘက်မှ ထောက်ပံ့မှုများပြုလုပ်လျက် ရှိခြင်းသည်လည်း တူရကီနှင့်အမေရိကန်တို့အကြား သဘောထားကွဲလွဲမှုများ ပိုမိုမြင့်တက် လာစေခဲ့ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံသည် သမ္မတ ဘိုင်ဒင်လက်ထက်တွင် နှစ်နိုင်ငံ အကြားဖြစ်ပေါ်လျက်ရှိသည့် သဘောထားတင်းမာမှုများကိုလျှော့ချရန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန်နှင့် ဒေသတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုရလဒ်များ မြင့်မားလာစေရန်စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ထပ်မံပြုလုပ် သွားရန် နှစ်နိုင်ငံခေါင်းဆောင်များအကြား ယခုကဲ့သို့သီးခြားတွေ့ဆုံရန် အစီအစဉ်ပြုလုပ် ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment