Bdnews24; Sept-27 (Mon)
တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များ အား ဒုတိယအကြိမ်မြောက်ဝယ်ယူရန် ရည်ရွယ်ထားကြောင်း သမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ ပါသည်။ တူရကီနိုင်ငံ၏ လုပ်ဆောင်မှုသည် နေတိုးမဟာမိတ်ဖြစ်သော အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှုများပိုမိုဖြစ်ပေါ်လာနိုင်ပြီး အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုများကိုလည်း ခံရနိုင်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ နေတိုးမဟာမိတ်နိုင်ငံများထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူရန် ကြိုးစားခဲ့သော်လည်း ဝယ်ယူခွင့်မရရှိခဲ့သဖြင့် အထက်ပါကဲ့သို့ စီစဉ်ရခြင်းဖြစ် ကြောင်းနှင့် "အနာဂတ်ကာလတွင် မိမိတို့အနေဖြင့် မည်ကဲ့သို့သော ကာကွယ်ရေးစနစ် မျိုးကို ဝယ်ယူသည်ဖြစ်စေ မည်သည့်အင်အားကြီးနိုင်ငံကမျှ ဝင်ရောက်စွက်ဖက် ဟန့်တားနိုင်လိမ့်မည်မဟုတ်ကြောင်း" CBS News သတင်းဌာန၏ Face the Nation အစီအစဉ်၌ထုတ်လွှင့်သော အင်တာဗျူးတစ်ခုတွင် သမ္မတ အာဒိုဂန်က ပြောကြား ခဲ့ပါသည်။
S-400 စနစ်များ ဒုတိယအသုတ်ပေးပို့ခြင်းနှင့်ပတ်သက်၍ ရုရှားနှင့် တူရကီတို့အကြား ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ သမ္မတ အာဒိုဂန်သည် ရုရှားသမ္မတဗလာဒီမာပူတင် (Vladimir Putin) နှင့် စက်တင်ဘာလ ၃၀ ရက်တွင် ရုရှားနိုင်ငံ၌တွေ့ဆုံ၍ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အကြမ်းဖက် မှုများအပါအဝင် အခြားကိစ္စရပ်များစွာအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ S-400 စနစ်များသည် F-35 တိုက်လေယာဉ်များနှင့် နေတိုး၏ ပိုမိုကျယ်ပြန့်သော ကာကွယ်ရေး စနစ်များကို ခြိမ်းခြောက်လျက်ရှိသည်ဟု အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် S-400 စနစ်များကို ပထမအကြိမ်ဝယ်ယူပြီးနောက် အမေရိကန် နိုင်ငံသည် တူရကီနိုင်ငံကာကွယ်ရေးစက်မှုညွှန်ကြားရေးမှူးရုံးအကြီးအကဲ အစ္စမေးလ် ဒီမာ (Ismail Demir)နှင့် အခြားဝန်ထမ်း ၃ ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အရေးယူပိတ်ဆို့ခဲ့ပါသည်။ တူရကီနိုင်ငံ၏ အဆိုပါ လုပ်ဆောင်မှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုအသစ်များကို ထပ်မံချမှတ်သွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် ပဉ္စမမျိုးဆက်စစ်လက်နက်ပစ္စည်းများနှင့် တိုက်လေယာဉ် များ ဝယ်ယူတပ်ဆင်ခြင်းအပြင် ပြည်တွင်းကာကွယ်ရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် တိုးတက်မှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တူရကီ နိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များ ဝယ်ယူရန်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၌ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ တူရကီနိုင်ငံသည် မဟာဗျူဟာမြောက် မြေအနေအထား ပိုင်ဆိုင်ထားခြင်းကိုအသုံးချ၍ ဒေသတွင်းသြဇာလွှမ်းမိုးမှုရရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံသည် တူရကီနိုင်ငံ၏ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လာမှုအပေါ် စိုးရိမ်မှုများဖြစ်ပေါ်ကာ S-400 ဒုံးကျည်စနစ်များ ဝယ်ယူသည်ကို ပိတ်ပင်တားမြစ်သည်အထိ ဆောင်ရွက်ခဲ့ပါသည်။ မကြာသေးမီ အချိန်အတွင်း အမေရိကန်နှင့် တူရကီနိုင်ငံတို့သည် အာဖဂန်အရေးကိစ္စအပါအဝင် အခြားသောကိစ္စရပ်များတွင် အတူတကွ ဖြေရှင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကောင်းမွန်စပြုလာခဲ့ပါသည်။ သို့သော် တူရကီနိုင်ငံအနေဖြင့် ရုရှား နိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ဒုတိယအကြိမ် ထပ်မံ ဝယ်ယူမှုဖြစ်ခဲ့ပါက အမေရိကန်နှင့် တူရကီနိုင်ငံအကြား ပြန်လည်ကောင်းမွန်စပြုလျက် ရှိသည့် ဆက်ဆံရေးမှာ တစ်ဖန်ဆိုးရွားလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment