Wednesday, September 22, 2021

တူရကီသမ္မတသည် ယူကရိန်း၏ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ထောက်ခံကြောင်း ကတိပြုပြောကြားခဲ့ခြင်း

Rt.com; Sep-22 (Wed)

    တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်(Recep Tayyip Erdogan) အနေဖြင့် ခရိုင်းမီးယားနှင့် ရုရှားပြန်လည်ပေါင်းစည်းခြင်းကို အသိအမှတ်ပြုသွားမည်မဟုတ်ဘဲ ယူကရိန်း၏ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်ရေးသည် အရေးပါသည်ဟု ကုလသမဂ္ဂအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနတစ်ခုက စက်တင်ဘာလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ခရိုင်းမီးယား တာတာစ်လူမျိုးစုများ၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပိုမိုကြိုးပမ်း အားထုတ်မှုများပြုလုပ်ရန်ကိုလည်း အာဒိုဂန်က ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ယူကရိန်း သမ္မတအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အာဒိုဂန်၏ ပြောကြားချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံသည် ထိုကဲ့သို့သောဝေဖန်ချက် များကို အလွယ်တကူလက်ခံသွားမည်မဟုတ်ကြောင်း ရုရှားအစိုးရ၏ပြောရေးဆိုခွင့် ရှိသူ ဒီမစ်ထရီပက်စကော့ (Dmitry Peskov) က တုံ့ပြန်ပြောကြားခဲ့ပါသည်။

    ရုရှားနှင့်တူရကီနိုင်ငံတို့သည် သဘောထားကွဲလွဲမှုများနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ်ရပ်အကြား ရှုပ်ထွေးသောဆက်ဆံရေးတစ်ရပ်ရှိပါသည်။ တူရကီသည် အမေရိကန် ဦးဆောင်သော နေတိုး (NATO) အုပ်စုတွင်အဖွဲ့ဝင်အဖြစ် ပါဝင်နေသော်လည်း အချို့သော ကဏ္ဍများ၌ ရုရှားနိုင်ငံနှင့်အတူ ပူးတွဲလုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် အာဒိုဂန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် လာမည့်ရက်သတ္တပတ်အတွင်း၌ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ် ထားပါသည်။ ယူကရိန်းနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစုသည် ခရိုင်းမီးယားအား ရုရှားနိုင်ငံက တရားမဝင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆလျက်ရှိကြောင်း သတင်းဌာန များ၏ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment