Defence World; Sept-14 (Tue)
ဂရိစစ်ဘက်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးနှင့်
ပဲ့ထိန်းဒုံးကာကွယ်ရေးတွင် ပိုမိုခိုင်မာအားကောင်းစေရန် ပက်ထရီးရော့(PATRIOT) အမျိုးအစား
တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ် အပြည့်အစုံပါရှိသည့် ဒုံးတပ်ဖွဲ့အား ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်တပ်ဖြန့်ခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်တွင် Defence World သတင်းဌာနက ဖော်ပြခဲ့ပါသည်။
ဂရိစစ်ဘက်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ၎င်းဒုံးတပ်ဖွဲ့အား တပ်ဖြန့်စေလွှတ်ခဲ့ရခြင်းမှာ
ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ဟူသီသူပုန်များ၏
ဒုံးတိုက်ခိုက်မှုများပိုမိုမြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ၎င်းတပ်ဖြန့်မှုတွင် ဂရိလေတပ်မှ
အရာရှိ စစ်သည်များနှင့် လေကြောင်းဆိုင်ရာနည်းပညာရှင်များပါဝင်ခဲ့ကြပါသည်။
၎င်းဒုံးတပ်ဖွဲ့တွင် လေကြောင်းရန်ကာကွယ်ရေးနှင့်
ပဲ့ထိန်းဒုံးကာကွယ်ရေးစနစ် ၂ ရပ်တို့အား ပေါင်းစပ် ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ အကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိသော မူဘောင်၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း
ဂရိစစ်ဘက်က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
နှစ်နိုင်ငံအကြား စစ်ဘက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စစ်ရေးအသိပညာ
ဖလှယ်ခြင်းများပြုလုပ်ခြင်းဖြင့် စစ်ရေးဆောင်ရွက်မှုအသစ်များ ပြုလုပ်ရမည့်ဝန်းကျင်
နယ်ပယ်သစ်တွင် ဂရိလေတပ်ဖွဲ့အတွက် အကျိုးကျေးဇူးများစွာရရှိလာမည်ဖြစ်ကြောင်း
ဂရိလေတပ်၏အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကွန်စတန်တီနက်စ်ဖလော်ရက်စ် (Konstantinos Floros) က အလေးထားပြောကြားခဲ့ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံသို့
ဂရိနိုင်ငံ၏ ဒုံးတပ်ဖွဲ့စေလွှတ်မှုကြောင့် အရှေ့မြေထဲပင်လယ်ဒေသနှင့်
အရှေ့အလယ်ပိုင်း ဒေသအတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ဆောင်ရွက်ရာ၌
အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။
ဆော်ဒီ အာရေဗျနှင့် ဂရိစစ်ဘက်တို့သည် မကြာသေးမီကာလအတွင်း၌ “Falcon Eye I” နှင့်
“Falcon Eye II” အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများအား နှစ်နိုင်ငံပူးတွဲလေ့ကျင့်ခဲ့ကြပြီး
အလွန်ရင်းနှီးကျွမ်းဝင်သော မိတ်ဖက်ဆက်ဆံရေးရှိခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကြီးအကဲများသည် အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ကြပြီး
နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးအား မြှင့်တင်သည့်အနေဖြင့်
မကြာသေးမီကာလအတွင်းက နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာဆက်ဆံရေးရုံးများ အပြန်အလှန်ထူထောင်ခဲ့ကြကြောင်း
သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment