Middleeasteye;
Sep-7 (Tue)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ
(Melvet Cavusoglu) သည် ဒေသတွင်းပြိုင်ဘက်နိုင်ငံများဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု
(ယူအေအီး)၊ အီဂျစ်တို့နှင့်ပြုလုပ်သည့် ဆွေးနွေးမှုများမှတစ်ဆင့် အပြုသဘောဆောင်သည့်ရလဒ်ကောင်း များရရှိလာမည်ဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။
တူရကီ နိုင်ငံသည် မကြာသေးမီသီတင်းပတ်များအတွင်း ယူအေအီး၊ အီဂျစ်တို့နှင့် သံတမန်ရေး ဆိုင်ရာ ဆက်သွယ်မှုများပြုလုပ်ခဲ့ပြီးနောက်
အီဂျစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ
၈ ရက်တွင် တူရကီနိုင်ငံသို့ရောက်ရှိလာခဲ့ကာ အီဂျစ်နှင့်တူရကီအရာရှိ များအကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံအကြား သံတမန်များ အပြန်အလှန်ခန့်အပ်သွားရေးအတွက်လည်း
သဘောတူညီချက် တစ်ရပ်ရရှိခဲ့ပါသည်။ အီဂျစ်နှင့်တူရကီအကြား ဆက်ဆံရေးကဏ္ဍသည်
ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့်
သမ္မတ မိုဟာမက်မော်စီ (Mohamed Morsi) အစိုးရအားဖြုတ်ချ၍
အဗ္ဗဒယ်ဖာတက်အယ်လ်စီစီ (Abdel Fattah el-Sisi) မှ အာဏာသိမ်းမှုပြုလုပ်ခဲ့သည့် ၂၀၁၃
ခုနှစ်အချိန်မှစ၍ ဆိုးရွားခဲ့ရခြင်းဖြစ်ပါသည်။ တူရကီ နိုင်ငံသည် စီစီ၏အုပ်ချုပ်မှုအား
အသိအမှတ်ပြုရန်ငြင်းဆန်ခဲ့ပြီးနောက် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကဏ္ဍအား ရပ်ဆိုင်းခဲ့ကြပါသည်။
ထို့အတူ တူရကီနှင့် ယူအေအီးနိုင်ငံအကြား
ဆက်ဆံရေးမှာလည်း တူရကီ နိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မအောင်မြင်သောအာဏာသိမ်းမှုတွင်
ပါဝင် ကြံစည်သူများကို ယူအေအီးနိုင်ငံက ငွေကြေးထောက်ပံ့ပေးမှုများ
ပြုလုပ်ခဲ့သည်ဟု တူရကီ နိုင်ငံက စွပ်စွဲပြစ်တင်မှုများပြုလုပ်ခဲ့ပြီးနောက်
ဆိုးရွားလာခဲ့ရခြင်းဖြစ်ပါသည်။ တူရကီ၊ ယူအေအီးနှင့် အီဂျစ်တို့သည် လစ်ဗျားပဋိပက္ခနှင့်
ကာတာနိုင်ငံအား အာရပ်နိုင်ငံ အများအပြားက ပိတ်ဆို့ခြင်းများအပါအဝင် လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း
ဖြစ်ပွား ခဲ့သည့် ဒေသတွင်းဆိုင်ရာအငြင်းပွားမှုများတွင် မတူညီသည့်ရပ်တည်ချက်များမှ အသီးသီး ထောက်ခံခဲ့ကြသည့် နိုင်ငံများဖြစ်ပါသည်။
သို့သော်လည်း မကြာသေးမီလများအတွင်း ၎င်းတို့နိုင်ငံများအကြား
စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာဆက်နွှယ်မှုများ ပိုမို ကောင်းမွန်လာစေရန် အပြန်အလှန်ဆွေးနွေးမှုများ စတင်ပြုလုပ်လာခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment