Tuesday, April 5, 2022

ပိုလန်သည် အမေရိကန်ထုတ် Abrams အမျိုးအစား တင့်ကားအစီး ၂၅၀ ကို ဝယ်ယူရန် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း

 

National Interest;Apr-6(Wed)

              ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုသည် အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ဆက်လက်ခြိမ်းခြောက်နေသည့်အတွက် ပိုလန်နိုင်ငံအနေဖြင့် Abrams တင့်ကား ၂၅၀ စီး ဝယ်ယူရန် အမေရိကန်နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း National Interest သတင်းဌာနက ဧပြီလ ၆ ရက်တွင်ဖော်ပြခဲ့ပါသည်။ ပိုလန်စစ်ဘက်အား ပိုမိုခိုင်မာ အားကောင်းလာစေရန်နှင့် ဖြစ်ပေါ်လာနိုင်သည့်ကျူးကျော်ရန်စမှုများကိုလည်း ဟန့်တား နိုင်စေရန် လုပ်ဆောင်လျက်ရှိကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) က ပြောကြားခဲ့ပါသည်။ ပိုလန်နှင့် အမေရိကန်နိုင်ငံတို့အကြား သဘောတူညီချက်သည် အမေရိကန်ဒေါ်လာ ၄.၇၅ ဘီလီယံတန်ဖိုးရှိကာ တင့်ကား အစီးရေ ၂၈ စီးအား ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးပေးပို့သွားမည်ဖြစ်ပါသည်။ အဆိုပါ ဝယ်ယူမှုသည် ရုရှားနိုင်ငံထုတ် မျိုးဆက်သစ် T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကား (Main Battle Tank-MBT) အပါအဝင် နောက်ဆုံးပေါ်တင့်ကားအမျိုးအစားများအား ပိုလန်စစ်ဘက်တပ်ဖွဲ့များအနေဖြင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်စေရန်ဖြစ်ကြောင်း ပိုလန် စစ်ဘက်အရာရှိများက ပြောကြားခဲ့ပါသည်။

              ပိုလန်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံထုတ် Leopard 2A4 နှင့် Leopard 2A5 တင့်ကားများကိုလည်း မကြာသေးမီကဝယ်ယူထားခဲ့ပြီး Abrams တင့်ကား၏ M1A2 SEPv3 မျိုးကွဲများကိုလည်း ဝယ်ယူခဲ့ပါသည်။ ပြန်လည်ပြင်ဆင်မှုများပြုလုပ်ထားသည့် SEPv3 တင့်ကား၌ ရေဒီယိုဆက်သွယ်မှုပစ္စည်းအသစ်များ၊ ပစ်မှတ်ရှာဖွေမှုအတွက် FLIR ကုမ္ပဏီထုတ် ပြန်လည်ပြင်ဆင်ထားသော အနီအောက်ရောင်ခြည်စနစ်၊ ပစ်ခတ်မှု အားရှာဖွေခြင်း၊ ရှောင်တိမ်းခြင်း၊ ကာကွယ်ခြင်းစနစ်များနှင့် အရန်ဓာတ်အားပေးစနစ် (Auxiliary Power Unit-APU) တို့ပါဝင်ပြီး ၂၀၁၇ ခုနှစ်တွင် ပိုလန်နိုင်ငံသို့ SEPv3 တင့်ကားများကို ပထမဆုံးပေးပို့ခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ၏ မတ်လ ၂၆ ရက်တွင် ပိုလန်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည့်ခရီးစဉ်အတွင်း ပိုလန် သမ္မတ အန်ဒရေဒူဒါ (Andrzej Duda) သည်  လက်ရှိဆောင်ရွက်နေသည့်ဝယ်ယူမှု အစီအစဉ်များအား တတ်နိုင်သမျှအရှိန်မြှင့်တင်သွားရန် တောင်းဆိုခဲ့ပါသည်။ နှစ်နိုင်ငံ အကြားချုပ်ဆိုထားသည့် သဘောတူစာချုပ်များအရ ပထမဆုံးသော ပက်ထရီရော့ (Patriot) ဒုံးကျည်စနစ်များအား ၂၀၂၂ ခုနှစ်တွင်လည်းကောင်း၊ လျင်မြန်စွာလှုပ်ရှားနိုင်သော အတွဲလိုက်ဒုံးကျည်တင်ဘီးတပ်ယာဉ် (HIMARS) နှင့် F-35 နောက်ဆုံးမျိုးဆက်သစ် တိုက်လေယာဉ်များကို မကြာမီကာလများတွင်လည်းကောင်း အသီးသီးလက်ခံရရှိသွား မည်ဖြစ်ကြောင်း ဒူဒါက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment