The Firstnews; Apr-16 (Sat)
ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့ စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်၍ ယူကရိန်းနိုင်ငံသား ၇၀,၀၀၀ ဦးခန့်သည် ပိုလန်နိုင်ငံတွင် အလုပ် အကိုင်များရရှိခဲ့ကြောင်း မိသားစုဝင်များနှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်ဟု The Firstnews သတင်းဌာနက ဧပြီလ ၁၆ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ ထို့ပြင် ပိုလန်အစိုးရသည် ယူကရိန်းဒုက္ခသည်များကို နိုင်ငံအတွင်း၌ ၁၈ လ နေထိုင်ခွင့်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူမှုဖူလုံရေးကဲ့သို့သော ကိစ္စရပ်များ ဆောင်ရွက်ခွင့်ပေးထားသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပေးအပ် ခဲ့ပါသည်။ ပိုလန်နိုင်ငံအတွင်း အလုပ်အကိုင်ရရှိခဲ့သည့် ယူကရိန်းနိုင်ငံသား ၆၉,၂၀၀ ဦး ရှိသည့်အနက် ၇၆ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြပြီး မြို့တော် ဝါဆော (Warsaw) အနောက်ပိုင်းရှိ ဝီလ်ကိုပေါစကီ (Wielkopolskie) စီရင်စုနှင့် တောင်ပိုင်းရှိ ဆလာစကီ (Slaskie) စီရင်စုတို့အပါအဝင် အလယ်ပိုင်းရှိ မာဇိုဝီကီ (Mazowieckie) စီရင်စုတို့တွင် အများဆုံးအလုပ်ခန့်အပ်ခြင်းခံခဲ့ရပါသည်။
ပိုလန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် ယူကရိန်းနိုင်ငံသားများအနက် ၄၇.၅ ရာခိုင်နှုန်းမှာ အခြေခံလုပ်ငန်းများတွင်လည်းကောင်း၊ ၁၄.၁ ရာခိုင်နှုန်းမှာ စက်မှုနှင့်လက်မှုလုပ်ငန်းများတွင်လည်းကောင်း၊ ၁၀.၃ ရာခိုင်နှုန်းမှာ ဝန်ဆောင်မှုနှင့် ဈေးဆိုင်ဝန်ထမ်းများအဖြစ်လည်းကောင်း၊ ၈.၅ ရာခိုင်နှုန်းမှာ ရုံးဝန်ထမ်းများအဖြစ် လည်းကောင်း၊ ၄ ရာခိုင်နှုန်းမှာ ကျွမ်းကျင်လုပ်သားများအဖြစ်လည်းကောင်း အသီးသီး ခန့်အပ်ခြင်းခံရပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၏ ဒီပလိုမာဘွဲ့များနှင့် ဘွဲ့များကို အသိအမှတ်ပြုပေးခဲ့သည့်အတွက် ယူကရိန်းဒုက္ခသည်များသည် ၎င်းတို့ ကျွမ်းကျင်သည့် လုပ်ငန်းကဏ္ဍအသီးသီးတွင် အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Ref; Almost 70,000 Ukrainians find jobs in Poland
No comments:
Post a Comment