Thedefensepost; Apr-17 (Sun)
တူရကီနိုင်ငံသည် T129 ATAK တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးအား ဖိလစ်ပိုင် လေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Thedefensepost သတင်းဝဘ်ဆိုက်က ဧပြီလ ၁၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါပေးအပ်မှုသည် တူရကီနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံသို့ T129 ATAK ရဟတ်ယာဉ်များအား ပထမဆုံးလွှဲပြောင်းပေးအပ်ခြင်း လည်းဖြစ်ပါသည်။ T129 ATAK တိုက်ခိုက်ရေးရဟတ်ယာဉ်၌ အင်ဂျင် ၂ လုံး တပ်ဆင် ထားရှိကာ မည်သည့်ရာသီဥတုအခြေအနေမျိုးတွင်မဆို အသုံးပြုနိုင်ပြီး တူရကီနိုင်ငံ အနေဖြင့် ၎င်းတိုက်ခိုက်ရေးရဟတ်ယာဉ်များအား နည်းပညာဆိုင်ရာစစ်ဆေးခြင်းနှင့် စမ်းသပ်ပျံသန်းမှုများအောင်မြင်စွာ ပြုလုပ်ခဲ့ပြီးနောက် ဖိလစ်ပိုင်သို့ လွှဲပြောင်းပေးအပ် ခဲ့ခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၂၈၀ တန်ဖိုးရှိ ရဟတ်ယာဉ် ၆ စီး ဝယ်ယူရန် တူရကီနိုင်ငံထံမှ ၂၀၂၀ ပြည့်နှစ်တွင်မှာယူခဲ့ခြင်းအပေါ် တူရကီက အထက်ပါအတိုင်း လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီသည် ယခင် ကလည်း သံချပ်ကာယာဉ်များ၊ အပေါ့စားလက်နက်များ၊ ခဲယမ်းမီးကျောက်နှင့်ညကြည့် မှန်ပြောင်းများအပါအဝင် အခြားသောကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအား ဖိလစ်ပိုင် နိုင်ငံသို့ ရောင်းချခဲ့ပါသည်။
အထက်ပါ T129 ATAK အမည်ရှိ တိုက်ခိုက်ရေးရဟတ်ယာဉ်အား တူရကီ လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ (Turkish Aerospace Industries- TAI) မှ ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံးစမ်းသပ်မောင်းနှင်ခဲ့ပါသည်။ TAI ကုမ္ပဏီသည် လက်ရှိအချိန်၌ T129 ATAK တိုက်ခိုက်ရေးရဟတ်ယာဉ် ၇၆ စီးအား တူရကီလေတပ်သို့ လွှဲပြောင်းပေးအပ်ထားရှိပြီး ယခုနှစ်ကုန်ပိုင်း၌ ၈၃ စီးအထိ လွှဲပြောင်း ပေးအပ်နိုင်ရေး မျှော်မှန်းထားရှိပါသည်။ တူရကီနိုင်ငံသည် ကာကွယ်ရေးကဏ္ဍ၌ ပြည်ပ နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများအပေါ် မှီခိုနေရမှုအားလျှော့ချရန်စီစဉ်လျက်ရှိပြီး ပြည်တွင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ စုကျော် အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပါသည်။ အထက်ပါ တူရကီနိုင်ငံထုတ် T129 ATAK တိုက်ခိုက်ရေးရဟတ်ယာဉ် ၃၀ စီး ဝယ်ယူရန် ပါကစ္စတန်က ၂၀၁၈ ခုနှစ်တွင် စီစဉ် ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment