The Star; Apr-24 (Sun)
ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုပေးရန် မေလ ၅ ရက်တွင် ဝါဆော (Warsaw) မြို့၌ နိုင်ငံတကာအလှူရှင် များ ညီလာခံကို လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း The Star သတင်းဌာနက ဧပြီလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါညီလာခံကို ယူကရိန်းနိုင်ငံ၌ ကြီးထွားလျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် ဆွီဒင်ဝန်ကြီးချုပ် မာဂယ်လီနာအန်ဒါဆန် (Magdalena Andersson) တို့က ဦးဆောင်ကျင်းပသွားမည်ဖြစ်ကြောင်း ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ (Nairobi) ရှိ ပိုလန်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါညီလာခံသို့ ဥရောပကောင်စီဥက္ကဋ္ဌ ချားမီရှယ်လ် (Charles Michel) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် (Ursula von der Leyen) တို့ တက်ရောက်သွားမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတော် အကြီးအကဲများနှင့် အစိုးရအကြီးအကဲများလည်း တက်ရောက်သွားမည်ဖြစ်ပါသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs-OCHA) ၏ အဆိုအရ ယူကရိန်းနိုင်ငံသား ၇ သန်းကျော်သည် ပြည်တွင်း၌နေရပ်စွန့်ခွာ တိမ်းရှောင် နေရပြီး ၄ သန်းကျော်သည် ယူကရိန်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် ရလျက်ရှိပါသည်။ အဆိုပါထွက်ပြေးတိမ်းရှောင်နေရသောပမာဏသည် နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်ဟု OCHA က ထုတ်ပြန်ခဲ့ပါသည်။ ယူကရိန်းပိုင်နက်အတွင်း နေထိုင်သူ ၁၃ သန်းခန့်သည် စားဝတ်နေရေးနှင့် ဆေးဝါးအထောက်အပံ့များအပါအဝင် အရေးကြီးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက် ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ပိုလန်နှင့် ဆွီဒင်နိုင်ငံ တို့သည် ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် ၎င်းတို့၏မိတ်ဖက်နိုင်ငံများအား တွန်းအားပေးရန် ကြိုးပမ်း လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment