Monday, April 4, 2022

ဆားဘီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ထပ်မံအနိုင်ရရှိခဲ့ခြင်း

 

AP;Apr-4(Mon)

              ဆားဘီးယားနိုင်ငံတွင် ဧပြီလ ၃ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ တွင် လက်ရှိဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ထပ်မံ အနိုင်ရရှိခဲ့သည်ဟု ဆားဘီးယားရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ကြောင်း AP သတင်းဌာနက ဧပြီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၏ သမ္မတ  ရွေးကောက်ပွဲတွင် သမ္မတလောင်း ၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ ဆားဘီးယားပြည်သူ ၆.၅ သန်းက မဲပေးမှုများပြုလုပ်ခဲ့ကြကြောင်းနှင့် သမ္မတ ဘူစစ်က မဲအရေအတွက်  ၆၀ ရာခိုင်နှုန်းနီးပါးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆားဘီးယားရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါသည်။ ဆားဘီးယားနိုင်ငံအနေဖြင့် သမ္မတရွေးကောက်ပွဲနှင့်အတူ လွှတ်တော်ရွေးကောက်ပွဲအားလည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းလွှတ်တော်ရွေးကောက်ပွဲ၌လည်း သမ္မတ ဘူစစ်ဦးဆောင် သည့် Sarbeia Progressive Party(SNS) ပါတီက မဲအရေအတွက် ၄၃ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ဆားဘီးယားရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါသည်။

              SNS ပါတီ၏ အဓိကအတိုက်အခံပါတီအနေဖြင့် လွှတ်တော်ရွေးကောက်ပွဲ၌ မဲရလဒ် ၁၃ ရာခိုင်နှုန်းသာရရှိခဲ့ပြီး SNS ပါတီ၏နောက် ဒုတိယနေရာ၌ရပ်တည်လျက်ရှိ ကြောင်းနှင့် ၎င်းပါတီမှ သမ္မတလောင်း ဇီဒရက်ဗ်ကိုပိုနော့စ် (Zdravko Ponos) ကလည်း သမ္မတရွေးကောက်ပွဲတွင် မဲအရေအတွက် ၁၇ ရာခိုင်နှုန်းသာရရှိခဲ့ကြောင်း ဆားဘီးယား ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ပါရှိခဲ့ပါသည်။ သမ္မတ ဘူစစ်အနေဖြင့် ယခုရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ခြင်းကြောင့် သမ္မတတာဝန်အား ၅ နှစ်ကြာ ထပ်မံတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment