AP News; Apr-18(Mon)
တူရကီနိုင်ငံသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွများအား နယ်စပ် ဖြတ်ကျော်၍ မြေပြင်နှင့် ဝေဟင်ထိုးစစ်ဆင်တိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးက ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ၎င်းတို့၏ တိုက်လေယာဉ်များအနေဖြင့် ကာ့ဒ်စစ်သွေးကြွများ၏ ဌာနချုပ်နေရာများအပါအဝင် အဆောက်အဉီများ၊ ကတုတ်ကျင်းများ၊ လိုဏ်ခေါင်းများ၊ ခဲယမ်းမီးကျောက်သိုလှောင်ရုံ များအား အောင်မြင်စွာပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတွင်းဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်များ အတွင်း ကာဒ့်စစ်သွေးကြွများအား တိုက်ခိုက်ရန်အတွက် နယ်စပ်ဖြတ်ကျော်၍ ဝေဟင်နှင့် မြေပြင်စစ်ဆင်ရေးအများအပြားပြုလုပ်ခဲ့ပြီး ယခုအကြိမ်တွင် အီရတ်နိုင်ငံမြောက်ပိုင်း မက်တီနာ (Metina)၊ ဇက်ပ် (Zap)နှင့် အာဗက်ရှင်ဘေစရမ် (Avashin-Basyan) ဒေသ များ၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း ကာ့ဒ်စစ်သွေးကြွများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းနှင့်
အရပ်သားများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦများအား ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်ရှောင်ရှားနိုင်ခဲ့ကြောင်း
တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ယခုအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်၍
ကာ့ဒ်စစ်သွေးကြွအဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးကြောင်းနှင့်
ကာ့ဒ်စစ်သွေးကြွများသည် တူရကီနိုင်ငံအား တိုက်ခိုက်နိုင်ရန် အီရတ်နိုင်ငံ မြောက်ပိုင်း၌ အခြေစိုက်စခန်းများတည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ကာ့ဒ်မျိုးနွယ်စုများသည် ဆီးရီးယားမြောက်ပိုင်း၊ အီရတ်မြောက်ပိုင်းနှင့် တူရကီ နိုင်ငံတို့အတွင်း ပျံ့နှံ့နေထိုင်လျက်ရှိသော်လည်း တူရကီနိုင်ငံ၌ အများဆုံးနေထိုင်လျက် ရှိပါသည်။ တူရကီနှင့်ကာ့ဒ်တို့အကြားပဋိပက္ခများသည် ၁၉၇၈ ခုနှစ်အတွင်း ကာ့ဒ် ပြည်နယ်ခွဲထွက်ခွင့်ရရှိရေးကြိုးပမ်းရာမှတစ်ဆင့် ကြီးထွားလာခဲ့ပါသည်။ လက်ရှိတွင် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Worker’s Party) သည် တူရကီနိုင်ငံ၏ အဓိက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ဖြစ်ပြီး ဆီးရီးယားကာ့ဒ် တပ်ဖွဲ့ဖြစ်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့သည် PKK ၏ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ရာ ကာ့ဒ်တို့အင်အားကောင်းလာမည် ဆိုပါက ၎င်းတို့၏ ခွဲထွက်ရေးကြိုးပမ်းမှုသည်လည်း ပေါ်ပေါက်လာနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် ကာ့ဒ်တို့အပေါ် အမေရိကန်နှင့်ပြင်သစ်နိုင်ငံတို့က ကျောထောက်နောက်ခံပြု လျက်ရှိသဖြင့် တူရကီတို့အတွက် ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်ပေါ်လာခဲ့ရပါသည်။ တူရကီနိုင်ငံ အနေဖြင့် ကာ့ဒ်တို့အပေါ် ထိုးစစ်ဆင်မှုအသစ်များ ပြုလုပ်လျက်ရှိသည်ကိုအကြောင်းပြု၍ အမေရိကန်မှ ကာ့ဒ်သူပုန်များအပေါ် ထောက်ပံ့မှုများတိုးမြှင့်လုပ်ဆောင်လာမည်ဆိုပါက ဆီးရီးယားရှိ ကာ့ဒ်များသာမက၊ အီရတ်နယ်မြေအတွင်း အခြေပြုထားသော ကာ့ဒ်များနှင့် တူရကီကာ့ဒ်များ အားလုံးပါဝင်လာနိုင်သောကြောင့် တူရကီနှင့် ကာ့ဒ်တို့အကြား ကာလရှည်ကြာသောစစ်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment