Thursday, April 21, 2022

အရှေ့ဥရောပဒေသသို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ပေးရန် လစ်သူရေးနီးယားသမ္မတက NATO အဖွဲ့အား တောင်းဆိုခဲ့ခြင်း

 

CNN; Apr-22(Fri)

              လစ်သူရေးနီးယားသမ္မတ ဂီတာနတ်စ်နော့စီဒါ (Gitanas Nauseda) က  မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organisation-NATO) အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များတပ်ဖြန့်ချထားသည့် ၎င်းတို့နိုင်ငံအပါအဝင် အရှေ့ ဥရောပဒေသသို့ တပ်ဖွဲ့ဝင်များထပ်မံစေလွှတ်ပေးရန် NATO အဖွဲ့အား တောင်းဆိုခဲ့ ကြောင်း CNN သတင်းဌာနက ဧပြီလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ နော့စီဒါ သည် ၎င်းတို့နိုင်ငံသို့ရောက်ရှိနေသည့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နလီနာဘဲဘာ့ခ် (Annalena Baerbock) နှင့်တွေ့ဆုံ၍ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း တောင်းဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ယူကရိန်းအား စစ်ရေး အကူအညီများ ထောက်ပံ့ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနှင့် ဘီလာရုဇ်နိုင်ငံတို့အပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

              အထက်ပါဆွေးနွေးမှုအတွင်း နိုင်ငံ၏ လေကြောင်းစောင့်ကြည့်ရေးတပ်ဖွဲ့မှ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အဆင့်သို့မြှင့်တင်ရန် မျှော်မှန်းထားကြောင်း၊ ဘီလာရုဇ် နှင့်ဆက်စပ်နေသည့် လစ်သူရေးနီးယား-ပိုလန်နယ်စပ်တစ်လျှောက်တွင် NATO အဖွဲ့၏ စစ်ရေးတည်ရှိမှုကို ပိုမိုအားကောင်းလာစေလိုကြောင်း၊ အနောက်မဟာမိတ်နိုင်ငံများ အနေဖြင့်လည်း ရုရှားနှင့်ဘီလာရုဇ်နိုင်ငံတို့အပေါ် နောက်ထပ်အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်ကြိုးပမ်းသင့်ကြောင်း နော့စီဒါက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ NATO အဖွဲ့သည် ပိုလန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အပါအဝင် ဘောလ်တစ်နိုင်ငံများ၌  ၎င်းတို့၏တပ်ဖွဲ့ဝင်ဦးရေ ၄၀,၀၀၀ ကို တပ်ဖြန့်ချထားကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              ဥရောပသမဂ္ဂ (EU) နှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organisation-NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော လစ်သူရေးနီးယား နိုင်ငံသည် ရုရှားနိုင်ငံနှင့် ၁၉၉၁ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင် ခဲ့ပါသည်။ သို့သော်လည်း ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းအပေါ် ရုရှား၏စစ်ရေးအရ တိုက်ခိုက်မှုများစတင်ခဲ့ပြီးနောက် လစ်သူရေးနီးယားနိုင်ငံသည် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချမှုများပြုလုပ်ခဲ့ သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနှင့်စစ်ရေးပဋိပက္ခဖြစ်နေသည့် ယူကရိန်းအား စစ်ရေး၊ စီးပွားရေးနှင့် လူသားချင်း စာနာမှုအကူအညီများပေးအပ်ခဲ့သည့်အပြင် EU အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော လစ်သူရေးနီးယားနိုင်ငံက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများလည်း ချမှတ်ခဲ့ပါသည်။ ယူကရိန်းတွင် ရုရှား၏စစ်ရေးအရ တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပထဝီနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနှင့် စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေအတွက် ပြင်ဆင်မှုများလည်း စတင်ပြုလုပ်လာခဲ့သည့်နည်းတူ နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကိုလည်း အဆင့်မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်လာ လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများကြောင့် လက်ရှိအချိန်တွင် လစ်သူရေးနီးယားနိုင်ငံသည် ၎င်းအပါအဝင် အရှေ့ဥရောပဒေသသို့ တပ်ဖွဲ့ဝင်များထပ်မံ စေလွှတ်ပေးရန် NATO အဖွဲ့အား တောင်းဆိုမှုပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လစ်သူရေးနီးယားအနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘက်ပေါင်းစုံမှ ကြိုတင်၍ ကြိုးပမ်း လုပ်ဆောင်လာသည့် အခြေအနေတစ်ရပ်ကိုတွေ့ရှိနေရကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

 

No comments:

Post a Comment