Tuesday, April 26, 2022

တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာမှုများအဆုံးသတ်ရန် တူရကီသမ္မတသည် ဆော်ဒီသို့ သွားရောက်ရန် စီစဉ်လျက်ရှိခြင်း

Middle East Eye; Apr-26(Tue)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ဧပြီလ ၂၈ ရက်တွင် သွားရောက်၍ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed Bin Salman)နှင့် တွေ့ဆုံရန် စီစဉ်လျက် ရှိကြောင်း Middle East Eye သတင်းဌာနကဖော်ပြခဲ့ပါသည်။ သို့သော် ခရီးစဉ် နှင့်ပတ်သက်၍ အချိန်ဇယားရေးဆွဲမှု ပြဿနာများအရ လာမည့်မေလအထိ ကြန့်ကြာ နိုင်မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီအာရေဗျ အတိုက်အခံသတင်းထောက် ဂျမေးလ်ခါရှော့ဂီ (Jamal Khoshoggi) သတ်ဖြတ်ခံ ရပြီးနောက် ယိုယွင်းလာခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြုပြင်ရန်ကြိုးပမ်းမှုအဖြစ် အာဒိုဂန်သည် အထက်ပါအတိုင်း ခရီးစဉ်သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

              ဆော်ဒီအတိုက်အခံသတင်းထောက် ခါရှော့ဂီသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ရက်တွင် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံခဲ့ရခြင်းဖြစ်ပြီး သတင်းထောက်များအနေဖြင့် ၎င်း၏ရုပ်အလောင်းကို ရှာဖွေခဲ့သော်လည်း အပိုင်းပိုင်း ခွဲကာ အဆောက်အအုံမှ ဖယ်ရှားခဲ့သည်ဟု ယူဆရကြောင်း တူရကီတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ သတင်းထောက် ခါရှော့ဂီသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စွပ်စွဲခံ ထားရသော ဆော်ဒီနိုင်ငံသား ၂၆ ဦး၏ မျက်ကွယ်ကြားနာမှုကိစ္စရပ်အား တူရကီ တရားရုံးတစ်ရုံးက ဆော်ဒီအာရေဗျနိုင်ငံသို့လွှဲပြောင်းခြင်းမပြုမီ ဧပြီလအစောပိုင်းတွင် ဆိုင်းငံ့ထားခဲ့ပါသည်။ တူရကီနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ဖြစ်ပေါ်ခဲ့ သည့် ငွေကြေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှုများ ရယူရန်ကိစ္စရပ်အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပြန်လည် ပေါင်းစည်းနိုင်စေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်စေရန်အတွက် တူရကီ သမ္မတအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

 

No comments:

Post a Comment