AnadoluAgency; Oct-11(Tue)
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ယခုသီတင်းပတ်အတွင်း ကာဇက်စတန် နိုင်ငံ၏မြို့တော် အက်စတာနာ (Astana) ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) က အောက်တိုဘာလ ၁၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ပူတင်နှင့် အာဒိုဂန်တို့တွေ့ဆုံမှုပြုလုပ်စဉ်အတွင်း ရုရှား-ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများအကြား တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ရုရှား- ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ပေးလျက်ရှိသည့် တူကီယဲနိုင်ငံ၏ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ Rossiya 1 ရုပ်သံလိုင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအတွင်း လက်ဗ်ရော့က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန် ငြင်းဆိုထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်မှာလည်း မှန်ကန်ခြင်းမရှိ ကြောင်း၊ ၎င်းသတင်းများမှာ အမေရိကန်လူလိမ်နိုင်ငံရေးသမားများ၏ လုပ်ကြံထုတ်လွှင့် သည့် သတင်းများသာဖြစ်ကြောင်းနှင့် ဗလာဒီမာပူတင် သမ္မတဖြစ်နေသရွေ့ ရုရှားနှင့် ဆွေးနွေးမှုပြုလုပ်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) ကသာ ပြောကြားထားခြင်းဖြစ်သည်ဟု လက်ဗ်ရော့က ၎င်းတွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါသည်။ ၎င်းအပြင် ယူကရိန်းသမ္မတ ဇီလန်စကီး၏ ဆုံးဖြတ်ချက်သည် အမှီအခိုကင်းခြင်းမရှိကြောင်းနှင့် စေ့စပ်ညှိနှိုင်းရေးပြုလုပ်ရန် အမေရိကန်က အမိန့် ပေးမည်ဆိုပါက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်းလည်း လက်ဗ်ရော့က ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment