Asharq Al-Awsat;Oct-2(Sun)
NATO အဖွဲ့ဝင် အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ မြောက် မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတ နိုင်ငံတို့မှခေါင်းဆောင်များက ယူကရိန်းနိုင်ငံ၏ NATO အဖွဲ့ဝင်နိုင်ငံအဖြစ်လျှောက်ထားမှုကို ထောက်ခံသည့် ပူးတွဲကြေညာချက်တစ်စောင်ကို အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန် ခဲ့သည်ဟု Asharq Al-Awsat သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) က ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင် နိုင်ငံအဖြစ် အမြန်ဆုံးအသိအမှတ်ပြုပေးသွားရန် စက်တင်ဘာလ ၃၀ ရက်တွင် NATO အဖွဲ့ထံသို့ တောင်းဆိုမှုပြုလုပ်ခဲ့ပြီးနောက် အဆိုပါပူးတွဲကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
စက်တင်ဘာလ ၃၀ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံပိုင် နယ်မြေ ၄ ခုအား ရုရှားနှင့်ပေါင်းစည်းလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ယူကရိန်းသမ္မတက အထက်ပါ အတိုင်း တောင်းဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ ယူကရိန်းသမ္မတက ထိုကဲ့သို့လုပ်ဆောင်ခဲ့ သော်လည်း NATO အဖွဲ့ဝင်ဖြစ်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက် ရရှိရန် လိုအပ်သောကြောင့် NATO အဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံအား အချိန်တိုအတွင်း အဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ်ပြုရေးမှာ မဖြစ်နိုင်ကြောင်း အထက်ပါသတင်းဌာနက ဖော်ပြထားပါသည်။ NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်စတိုတန်ဘာ့ဂ် (Jens Stoltenberg) အနေဖြင့်လည်း ယူကရိန်းသမ္မတ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်းမရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment