Monday, October 10, 2022

တူကီယဲနှင့် လစ်ဗျားနိုင်ငံတို့၏ စွမ်းအင်ရှာဖွေရေးသဘောတူညီချက်သည် တရားဝင်မှုမရှိကြောင်း အီဂျစ်နှင့်ဂရိနိုင်ငံတို့က ပြောကြားခဲ့ခြင်း

Xinhua; Oct-10(Mon)

တူကီယဲနိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့အကြား မကြာသေးမီက လက်မှတ်ရေးထိုး ခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးဆိုင်ရာ သဘောတူညီချက်သည် တရားဝင်မှု မရှိကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ (Sameh Shoukry) နှင့် ဂရိ နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) တို့က အီဂျစ်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် အီဂျစ်နှင့် ဂရိနိုင်ငံတို့အနေဖြင့် ဥပဒေဆိုင်ရာနည်းလမ်းများ အသုံးပြု၍ အဆိုပါစွမ်းအင်ရှာဖွေရေးဆိုင်ရာသဘောတူညီချက်အပေါ် ကန့်ကွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့အကြား ဆွေးနွေးခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကြောင်းနှင့် လစ်ဗျားနှင့် အရှေ့မြေထဲပင်လယ်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးသည် ၎င်းတို့၏ မဟာဗျုဟာမြောက် ရည်မှန်းချက်တစ်ခုဖြစ်ကြောင်း ဂရိ နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောကြားခဲ့ပါသည်။



တွေ့ဆုံမှုအတွင်း လက်ရှိလစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (GNU) သည် နိုင်ငံတကာနှင့် သဘောတူစာချုပ်များ၊ သို့မဟုတ် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးရန် အခွင့်အာဏာမရှိကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ခဲ့ပါသည်။ ထို့ပြင် လစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် လစ်ဗျားနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများကျင်းပရန် ပျက်ကွက်ခဲ့ပြီး နောက် ၎င်း၏လုပ်ပိုင်ခွင့် အခွင့်အာဏာမှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်းနိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန်ခွင့်ပြုသည့် နားလည်မှုစာချွန်လွှာကို တူကီယဲနိုင်ငံနှင့် အောက်တိုဘာလ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် လစ်ဗျား နိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်ကာ ယနေ့အချိန်အထိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရလျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

အီဂျစ်နှင့်ဂရိနိုင်ငံတို့သည် မကြာသေးမီနှစ်များအတွင်း စွမ်းအင်အရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍတို့တွင် တိုးမြှင့်ဆောင်ရွက်နိုင်ကာ ခိုင်မာသောဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ထားနိုင်ခဲ့ပါသည်။ လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်းနိုင်ငံအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရန်ခွင့်ပြုသည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို တူကီယဲ နိုင်ငံနှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါလက်မှတ်ရေးထိုးမှုအပေါ် လက်ရှိလစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (GNU) သည် နိုင်ငံတကာနှင့် သဘောတူစာချုပ်များ၊ သို့မဟုတ် နားလည်မှုစာချွန်လွှာ များကို လက်မှတ်ရေးထိုးရန် အခွင့်အာဏာမရှိကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါသဘောတူညီချက်သည် ဂရိရေပိုင်နက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကြောင်းနှင့် အီဂျစ်နှင့် ဂရိနိုင်ငံတို့အနေဖြင့် ဥပဒေဆိုင်ရာနည်းလမ်းများ အသုံးပြု၍ အဆိုပါစွမ်းအင်ရှာဖွေရေးဆိုင်ရာ သဘောတူညီချက်အပေါ် ကန့်ကွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်ကာလ၌ ဂရိနှင့်လစ်ဗျားနိုင်ငံတို့အကြား အငြင်းပွားရေပိုင်နက် အတွင်း တူကီယဲနိုင်ငံ၏ စွမ်းအင်ရှာဖွေရေးကြိုးပမ်းမှုအစီအစဉ်သည် အရှေ့မြေထဲ ပင်လယ်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။



အရှေ့မြေထဲပင်လယ်အတွင်း ဂရိ၊ အီဂျစ်၊ လစ်ဗျားနှင့် တူကီယဲနိုင်ငံတို့အကြား ပင်လယ်ရေကြောင်းဆိုင်ရာ သတ်မှတ်ချက်များပြ မြေပုံ

No comments:

Post a Comment