Friday, October 14, 2022

ဆိုက်ပရပ်စ်မှတစ်ဆင့် အာရှ-ဥရောပ ဓာတ်အားလိုင်းတည်ဆောက်မည့် စီမံကိန်းတစ်ရပ်အား ကြေညာခဲ့ခြင်း

Xinhua; Oct-15(Sat)

ယူရို ၂.၅ ဘီလီယံတန်ဖိုးရှိ အာရှနှင့်ဥရောပအကြား လျှပ်စစ်စွမ်းအင်များ ပေးပို့မည့် ဓာတ်အားလိုင်းတည်ဆောက်ရေးစီမံကိန်းစတင်သည့် ဖွင့်ပွဲအခမ်းအနားအား ဆိုက်ပရပ်စ်၌ အောက်တိုဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း Xinhua သတင်း ဌာနက အောက်တိုဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းဓာတ်အားလိုင်း ဖွင့်ပွဲ အခမ်းအနားသို့ ဥရောပစွမ်းအင်ဆိုင်ရာမဟာမင်းကြီး ကာဒရီစင်ဆွန် (Kadri Simson) နှင့် ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နာစတာဆီရာဒစ် (Nicos Anast asiades) တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါစီမံကိန်းသည် အစ္စရေး၊ ဆိုက်ပရပ်စ် နှင့် ဂရိနိုင်ငံတို့၏ ဓာတ်အားလိုင်းစနစ်များကို ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစ္စရေးနိုင်ငံမှ လျှပ်စစ်ဓာတ်အားများကို ဥရောပသို့ ပို့ဆောင်ပေးမည့်အစီအစဉ် တစ်ရပ်ဖြစ်ပါသည်။ ၎င်းအစီအစဉ်၏ ပထမအဆင့်အနေဖြင့် ဓာတ်အားလိုင်း တည်ဆောက်ရာတွင် ယူရို ၁.၅၇ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းနှင့် အဆိုပါဓာတ်အားလိုင်းတည်ဆောက်မှုအား ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်းကိုလည်း ဥရောပကော်မရှင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။

အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့၏ ဓာတ်အားလိုင်းစနစ်သည် ၁,၂၀၀ ကီလိုမီတာအရှည်ရှိပြီး ပင်လယ်ရေအောက်ကေဘယ်ကြိုးများဖြင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ၂,၀၀၀ မဂ္ဂါဝပ်အထိ ပို့လွှတ်နိုင်စွမ်း ရှိမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းအစီအစဉ်၏ ဒုတိယအဆင့်အနေဖြင့် အီဂျစ်-ဆိုက်ပရပ်စ်-ဥရောပ ဓာတ်အားလိုင်းစနစ်ကိုလည်း တည်ဆောက်သွားရန် မျှော်မှန်း ထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။ အဆိုပါဓာတ်အား လိုင်းများမှတစ်ဆင့် ဂရိနိုင်ငံသို့ လျှစ်စစ်ဓာတ်အားများ ပို့ဆောင်သွားမည်ဖြစ်ကာ ဂရိနိုင်ငံဓာတ်အားလိုင်းမှတစ်ဆင့် ဥရောပနိုင်ငံများသို့ ထပ်ဆင့်ပေးပို့သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

ဥရောပနိုင်ငံများသည် ရုရှားနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များအပေါ် အများအပြားမှီခိုနေရသည့်နိုင်ငံများဖြစ်ပါသည်။ သို့သော်လည်း ရုရှား-ယူကရိန်း စစ်ရေး ပဋိပက္ခစတင်ပြီးနောက်တွင် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများစွာကိုချမှတ်ရာတွင် စွမ်းအင်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အဆိုပါအရေးယူပိတ်ဆို့မှုများကို တုံ့ပြန်သည့် အနေဖြင့် ရုရှားနိုင်ငံသည် ဥရောပနိုင်ငံများသို့ စွမ်းအင်တင်ပို့မှုအများအပြားကို လျှော့ချ ပို့ဆောင်ခဲ့ပြီး ၎င်းနိုင်ငံမှစွမ်းအင်များ ဝယ်ယူရာတွင်လည်း ရုရှားငွေကြေး ရူဘယ်ဖြင့်သာ ပေးချေရန်ကန့်သတ်ချက်များ ချမှတ်ခဲ့ပါသည်။ ထို့ကြောင့် ဥရောပနိုင်ငံများ၌ စွမ်းအင် ဈေးနှုန်းကြီးမြင့်မှုများနှင့် စွမ်းအင်ပြတ်လပ်မှုများဖြစ်ပေါ်သည်အထိ စွမ်းအင်အကျပ် အတည်းများဖြင့် ရင်ဆိုင်ရလျက်ရှိပါသည်။ လက်ရှိတွင် ဥရောပစွမ်းအင်ဆိုင်ရာ ကော်မရှင်နာ ကာဒရီစင်ဆွန် (Kadri Simson) နှင့် ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နက် စတာဆီရာဒစ် (Nicos Anastasiades) တို့သည် အစ္စရေးနှင့်အီဂျစ်နိုင်ငံတို့မှ လျှပ်စစ် ဓာတ်အားများကို ဆိုက်ပရပ်စ်နိုင်ငံမှတစ်ဆင့်ဖြတ်သန်း၍ ဂရိနိုင်ငံသို့ ပို့ဆောင်နိုင်ရေး အတွက် ဓာတ်အားလိုင်းစနစ်များကို ချိတ်ဆက်ဆောက်ရွက်မည့် စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် စတင်လုပ်ဆောင်ခဲ့ပါသည်။ ယင်းမှာ ဥရောပသမဂ္ဂ အနေဖြင့် ရုရှားနိုင်ငံ၏စွမ်းအင်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချနိုင်ရေးအတွက် အခြားသောစွမ်းအင်အရင်းအမြစ်များကို ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဓာတ်အားလိုင်းတည်ဆောက်မှုအား ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်း ဥရောပကော်မရှင်၏ထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။ သို့ဖြစ်၍ အဆိုပါဓာတ်အားလိုင်းမှထွက်ရှိသော ဓာတ်အား များကို စတင်အသုံးပြုနိုင်ချိန်မှသာ ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံ၏စွမ်းအင်အပေါ် မှီခိုနေရမှုအား လျှော့ချနိုင်မည်ဖြစ်သောကြောင့် အဆိုပါအစီအစဉ်သည် ရုရှားထံမှ စွမ်းအင်မှီခိုမှုလျှော့ချရေးအတွက် ဥရောပသမဂ္ဂ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment