Monday, October 3, 2022

ပိုလန်သည် နာဇီဂျာမနီများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဂျာမနီထံမှ လျော်ကြေးငွေတောင်းဆိုခဲ့ခြင်း

AP; Oct-3(Mon)

ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရောယ် (Zbigniew Rau) သည် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီဂျာမနီများ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီး ဆုံးရှုံးမှုများအတွက် ဂျာမနီနိုင်ငံမှ လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံ ပေးအပ်ရန်တောင်းဆိုသည့် သံတမန်ရေးရာမှတ်ချက်တစ်စောင်ကို အောက်တိုဘာလ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ မှတ်ချက်အား ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ ကျင်းပပြုလုပ်မည့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးသို့တက်ရောက်မည့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲယ်ဘတ် (Annalena Baerbock) နှင့် တွေ့ဆုံခြင်းမတိုင်မီ ၎င်းမှတ်ချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။ ဂျာမနီနိုင်ငံ၏ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ တိုက်ခိုက်သိမ်းပိုက်မှု၏ အကျိုးသက်ရောက်မှုများကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အရေးယူဆောင်ရွက်သင့် သည်ဟုလည်း ရောယ်က ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။



ဂျာမနီနိုင်ငံအနေဖြင့် လျော်ကြေးငွေပေးဆောင်မှုများအပြင် လုယက်ထားသော အနုပညာလက်ရာများ၊ မော်ကွန်းတိုက်များနှင့် ဘဏ်အပ်ငွေများဆိုင်ရာ ပြဿနာများကို လည်း ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားခဲ့ပါသည်။ လျော်ကြေး ငွေပေးချေခြင်းသည် အမှန်တရားနှင့် တရားမျှတမှုမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအားကောင်းစေပြီး အတိတ်ကာလ၏ နာကျင်စရာများကိုလည်း အဆုံးသတ်နိုင် လိမ့်မည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံ၏ တောင်းဆိုချက်သည် လွန်ခဲ့သောဆယ်စုနှစ်များကတည်းက ပြီးပြတ်ခဲ့ပြီးဖြစ်သည့် ကိစ္စရပ်ဖြစ်ကြောင်းလည်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘဲယ်ဘတ်က တုံ့ပြန်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဥရောပ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် ပိုလန်နှင့် ဂျာမနီတို့အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကတည်းက အတူတကွတည်ဆောက်ထားသည့် ယုံကြည်မှုများကို ထိန်းသိမ်းထားရန် တာဝန်ရှိကြောင်း ပိုလန်နိုင်ငံသို့ မထွက်ခွာမီ ၎င်းက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်သော်လည်း ပိုလန်၏ သြဇာအကြီးဆုံး လက်ရှိအာဏာရဥပဒေနှင့် တရားမျှတရေးပါတီ (Law and Justice party) ခေါင်းဆောင် ဂျာရိုဆလောကာဇီစကီ (Jaroslaw Kaczynski) သည် မကြာသေးမီအချိန်ကာလမှစ၍ ဂျာမနီနှင့်ပတ်သက် သည့် ရန်လိုသောမှတ်ချက်များအား တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

ဂျာမနီနိုင်ငံသည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ဝီလန်(ခေါ်) ပိုလန်မြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ၎င်းမြို့သည် စစ်ရေးအရထင်ရှားခြင်းမရှိသည့် အတွက်ကြောင့် အရပ်သားများကိုရည်ရွယ်ပြီး အကြမ်းဖက်ခြင်းဖြစ်ကြောင်း ကောက်ချက် ချခဲ့ကြပါသည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့သည့်အပြင် အဆောက်အအုံများပျက်စီးခြင်းနှင့်အတူ ထွက်ပြေးတိမ်းရှေိာင်ခဲ့သူအများအပြားလည်း ရှိခဲ့ပါသည်။ ပိုလန်အနေဖြင့် တပ်မ ၄၅ ခုနှင့် ပြန်လည်ခုခံခဲ့သည့်အပြင် လေကြောင်းမှ တစ်ဆင့်လည်း တိုက်ခိုက်ခဲ့ပါသည်။ ဂျာမနီဘက်ကကျူးကျော်ပြီးနောက် နှစ်ရက် အကြာတွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် ဂျာမနီနိုင်ငံကိုစစ်ကြေညာခဲ့ပါသည်။ ခန့်မှန်းချက် အရ စစ်အတွင်း ပိုလန်နိုင်ငံသား ၅ သန်းခန့် လူဦးရေစုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း အသတ်ခံရပြီး ၎င်းတို့အနက် ပိုလန်ဂျူး ၃ သန်းခန့်လည်း သတ်ဖြတ်ခံခဲ့ရပါသည်။ စစ်ပွဲ စတင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ နှစ်ပေါင်း ၈၀ ကျော်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက်တိုင် မဖြေရှင်းနိုင်သေးသည့်ကိစ္စရပ်များ ပိုလန်တွင် ကျန်ရှိနေပါသေးသည်။ ၎င်းတို့အနက် ဂျာမနီနိုင်ငံသည် ပိုလန်ကိုစစ်လျော်ကြေးပေးရမည့်ကိစ္စရပ်လည်း ပါဝင် နေပြီး လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံခန့်ပေးအပ်ရန် သံတမန်ရေးရာ မှတ်ချက်တစ်စောင်ကို ပိုလန်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၃ ရက်တွင် လက်မှတ်ရေးထိုး၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ် သွားမည်ဖြစ်ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် လျော်ကြေးငွေပေးဆောင်မှုများအပြင် လုယက် ထားသော အနုပညာလက်ရာများ၊ မော်ကွန်းတိုက်များနှင့် ဘဏ်အပ်ငွေများဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှင်းပေးရန် ပိုလန်ဘက်က တောင်းဆိုသွားမည်ဖြစ်ပါသည်။ ပိုလန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် ဥပဒေစိုးမိုးရေးနှင့်တရား မျှတရေးပါတီသည် စစ်လျော်ကြေးငွေရရှိရေးကို မကြာခဏဇောင်းပေးပြောကြားခဲ့သလို ဂျာမနီအစိုးရအနေဖြင့်လည်း ကျင့်ဝတ်သိက္ခာအရဆောင်ရွက်သင့်ကြောင်း တောင်းဆို ထားပါသည်။ ဂျာမနီကမူ ပိုလန်၏ တောင်းဆိုချက်သည် ၁၉၅၃ ခုနှစ်ကတည်းကပင် စွန့်လွှတ်ပြီးဖြစ်ကြောင်း ထောက်ပြပြောဆို၍ ပိုလန်၏တောင်းဆိုချက်ကို အမြဲလိုလို ပယ်ချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် ပိုလန်နှင့် ဂျာမနီနိုင်ငံတို့အကြား လက်ရှိတွင် ဆက်ဆံရေးကောင်းမွန်လျက်ရှိသော်လည်း ယခုကဲ့သို့ စစ်လျော်ကြေးတောင်းခံမှုဆိုင်ရာကိစ္စရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment