Xinhua; Oct-4(Tue)
လစ်ဗျားနှင့်တူကီယဲနိုင်ငံတို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ရပ်အား အောက်တိုဘာလ ၃ ရက်တွင် သဘောတူလက်မှတ်ရေးထိုးနိုင် ခဲ့ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအား လစ်ဗျားနိုင်ငံ၌ အလုပ်ခရီးရောက်ရှိနေသည့် တူကီယဲ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး နက်ဂျ်လာမန်ဂူးရှ် (Najla Al-Mangoush) တို့က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပါသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လစ်ဗျားနိုင်ငံ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် စွမ်းအင်နယ်ပယ်၌ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခြင်းသည် အရေးကြီး ကြောင်းနှင့် အနာဂတ်တွင် နှစ်နိုင်ငံအကြား အခြားသောနယ်ပယ်အသီးသီး၌ နားလည်မှု စာချွန်လွှာများ ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း လုပ်ဆောင်ခဲ့ ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
ထို့ပြင် လစ်ဗျားနိုင်ငံအတွင်း အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံကောင်းများရရှိစေရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် လစ်ဗျားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများထံ ၎င်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။ အထက်ပါနားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအတွက် ဘုံအကျိုးစီးပွား ဖြစ်ထွန်းမည်ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်း များကိုလည်း လျှော့ချရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် လစ်ဗျားနိုင်ငံအတွင်း အထွေထွေ ရွေးကောက်ပွဲများကျင်းပပြုလုပ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရရှိစေရန်အတွက် နိုင်ငံတကာအကူအညီရရှိရေး စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်သွားရန် လစ်ဗျားနှင့် တူကီယဲတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက် လစ်ဗျားနှင့် တူကီယဲနိုင်ငံတို့အကြား ပင်လယ်ရေကြောင်းနယ်နိမိတ်လုံခြုံရေးနှင့် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ လစ်ဗျားနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲများကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း နိုင်ငံအတွင်း ရွေးကောက်ပွဲ ဥပဒေနှင့်ပတ်သက်၍ ပါတီများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ လက်ရှိတွင် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (GNU) သည် တူကီယဲနိုင်ငံနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်အား သဘောတူလက်မှတ် ရေးထိုး ခဲ့ပါသည်။ အဆိုပါလက်မှတ်ရေးထိုးမှုအပေါ် အခြားသောလစ်ဗျားနိုင်ငံရေးအဖွဲ့အစည်း များက ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိပြီး သဘောတူညီချက်အရ တူကီယဲသည် လစ်ဗျားပိုင်နက်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပူးတွဲပိုင်ဆိုင်သည့် ကုမ္ပဏီ များမှတစ်ဆင့် ရှာဖွေနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိသည့်ကာလအတွင်း လစ်ဗျားနှင့်တူကီယဲနိုင်ငံတို့အကြား စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံ အကျိုးစီးပွားအပေါ် များစွာအထောက်အပံ့ဖြစ်စေနိုင်သော်လည်း တစ်ဖက်တွင် လစ်ဗျား နိုင်ငံအတွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည့် အဆိုပါလက်မှတ်ရေးထိုးမှုသည် လစ်ဗျားပြည်တွင်းရေးအကျပ်အတည်းကို ပိုမို ဆိုးရွားစေရန်ဦးတည်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment