Thursday, January 16, 2020

တူရကီတပ်ဖွဲ့ဝင်များအား လစ်ဗျားသို့ စတင်စေလွှတ်ခဲ့ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

 


Presstv;Jan-16(Thu)

                  တူရကီနိုင်ငံအနေဖြင့် လစ်ဗျား၏ ကုလသမဂ္ဂကျောထောက်နောက်ခံပြု အမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့ (Government of National Accord-GNA) ကို အကူအညီပေးအပ်နိုင်ရန်အတွက်  တပ်ဖွဲ့ဝင်များအား လစ်ဗျားသို့ စတင်တပ်ဖြန့် ချထားလျက်ရှိကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ကဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) သည် ရုရှားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိဘဲ အဆိုပါနိုင်ငံမှ ပြန်လည် ထွက်ခွာလာခဲ့ပြီးနောက် ၂ ရက်အကြာတွင် သမ္မတအာဒိုဂန်၏  အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူရကီနှင့် GNA အစိုးရအဖွဲ့တို့သည် ပင်လယ်ပြင်နယ်နိမိတ်စည်းသတ်မှတ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကိုလည်း မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

              အဆိုပါသဘောတူညီချက်အရ ၎င်းတို့နှစ်နိုင်ငံ၏ ခွင့်ပြုချက်မရရှိဘဲ တူရကီ နှင့် လစ်ဗျားကမ်းခြေအကြား  စူးစမ်းရှာဖွေခြင်း၊ သို့မဟုတ် ပိုက်လိုင်းများ သွယ်တန်း တည်ဆောက်ခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့ပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေး ကြေညာရန်အတွက် လစ်ဗျားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့များအား ပြီးခဲ့သည့်သီတင်းပတ် အတွင်းက တိုက်တွန်းပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ၏ အရှေ့ဘက်အခြေစိုက် LNA အဖွဲ့အနေဖြင့် ထရီပိုလီမြို့တော်အခြေစိုက် GNA အဖွဲ့ အား တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေမည်ဆိုပါက တူရကီကလည်း ဟက်ဖ်တာအား တိုက်ခိုက်နှိမ်နင်းသွားမည်ဟု  သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် ဇန်နဝါရီလ ၁၉ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင် (Berlin) မြို့တော်၌ ပြုလုပ်မည့် လစ်ဗျားငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဂျာမနီ၊ ဗြိတိန်၊ ရုရှားနိုင်ငံတို့နှင့် အတူ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment