Sunday, January 19, 2020

ဆိုက်ပရပ်စ်သည် တူရကီအား ပင်လယ်ဓားပြနိုင်ငံအဖြစ် စွပ်စွဲပြစ်တင်ခဲ့ခြင်း

 


Xinhua; Jan-19 (Sun)

              တူရကီအာဏာပိုင်များသည် ဆိုက်ပရပ်စ်ကမ်းရိုးတန်း၏ တောင်ဘက် ပိုင်းတွင် သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေရန်အတွက် ရာဗက် (Yavuz) သင်္ဘောအား စေလွှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ဆိုက်ပရပ်စ်နိုင်ငံက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည့်အပြင် တူရကီနိုင်ငံ ကိုလည်း ပင်လယ်ဓားပြနိုင်ငံတစ်နိုင်ငံအဖြစ် စွပ်စွဲခဲ့ပါသည်။ အဆိုပါစွပ်စွဲချက်များ ပါဝင်သည့် ကြေညာချက်ကို ဆိုက်ပရပ်စ်သမ္မတ နီကို့စ်အန်နက်စတာဆီဒက် (Nicos Anastasiades) က ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၏လုပ်ရပ်များသည် ဆိုက်ပရပ်စ်နိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးလျက်ရှိသည့်အပြင် နိုင်ငံတကာဥပဒေများကိုလည်း ချိုးဖောက်လျက်ရှိကြောင်း ဆိုက်ပရပ်စ်သမ္မတက ထပ်လောင်းပြောကြားခဲ့ပါသည်။

              ဥရောပသမဂ္ဂကလည်း ဆိုက်ပရပ်စ်၏သီးသန့်စီးပွားရေးဇုန်အတွင်း တူရကီ နိုင်ငံ၏ တရားမဝင်သဘာဝဓာတ်ငွေ့တူးဖော်မှုများနှင့်ပတ်သက်၍ ၎င်း၏ရပ်တည်ချက်များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံ၏အဆိုပါလုပ်ရပ်များသည် ဆန့်ကျင်ဘက် လားရာသို့ ဦးတည်သွားစေနိုင်ကြောင်းနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန်အတွက် ခိုင်မာသည့် အဆင့်များ ပြုလုပ်သွားရန်လိုအပ်လျက်ရှိကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားပါသည်။ ဥရောပသမဂ္ဂ၏ အဆိုပါထုတ်ပြန်ကြေညာချက်ကို တုံ့ပြန်သည့် အနေဖြင့် ဥရောပသမဂ္ဂ၏လက်တွေ့မကျသော စံနှစ်မျိုးဖြင့်သတ်မှတ်ထားသည့် မူဝါဒ များကို အဆုံးသတ်သွားရန် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment