Wednesday, January 29, 2020

ပြင်သစ်သည်လစ်ဗျားပဋိပက္ခတွင် မတည်မငြိမ်ဖြစ်စေရေး လုပ်ဆောင်လျက်ရှိသည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပြစ်တင်ခဲ့ခြင်း


Sputnik; Jan-29(Wed)

             လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ပြင်သစ်သည် အဓိက တာဝန်ရှိသောနိုင်ငံတစ်ခုဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြင်သစ်အနေဖြင့် ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဦးဆောင်သော လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA) အား လစ်ဗျားနိုင်ငံရှိ သဘာဝအရင်းအမြစ်များအား ထိန်းချုပ်သိမ်းပိုက်နိုင်ရန် အပြည့်အဝထောက်ပံ့နေ သည်ဟုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟာမီအက်ခ်ဆွိုင်း (Hami Aksoy) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဟက်ဖ်တာ၏ LNA တပ်ဖွဲ့များ အနေဖြင့် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရ (Government of National Accord-GNA) အား ထိုးစစ်ဆင်နေမှုသည် လစ်ဗျားနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

          မကြာသေးမီအတွင်းကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) က လစ်ဗျားအရေးနှင့်စပ်လျဉ်း၍ တူရကီ၏မူဝါဒအပေါ် ဝေဖန်ပြောဆိုခဲ့ပြီး တူရကီအနေဖြင့် ဘာလင်ဆွေးနွေးပွဲ (Berlin Conference) ဆုံးဖြတ်ချက်များအပေါ် ချိုးဖောက်လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ပြီးနောက် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါပြောကြားချက်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် မက်ခရွန်က တူရကီသမ္မတ ရီဆတ်တေရစ်အားဒိုဂန် (Receep Tayyip Erdogan) အား ကတိမတည်သူအဖြစ် ဝေဖန်ပြောဆိုခဲ့ပါသည်။ ဇန်နဝါရီလ ၁၉ ရက်တွင် ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လစ်ဗျားပဋိပက္ခဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက လစ်ဗျားအရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံ များမှ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment