Wednesday, January 15, 2020

ပါကစ္စတန်သည် တူရကီမှ ရဟတ်ယာဉ်ဝယ်ယူရေး သဘောတူညီမှုအား သက်တမ်းတိုးမြှင့်ခဲ့ခြင်း

 

Thenews; Jan-15(Wed)

              အမေရိကန်နိုင်ငံက တူရကီအား နည်းပညာလွှဲပြောင်းပေးအပ်မှုနှင့် လိုင်စင် ချထားမှု နှောင့်နှေးနေခြင်းများကြောင့် ပါကစ္စတန်အနေဖြင့် တူရကီနိုင်ငံပိုင်ကုမ္ပဏီ တစ်ခုဖြစ်သည့် (Turkish Aerospace Industries-TAI) မှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်း ၃၀ ဝယ်ယူရေးသဘောတူညီမှုအား သက်တမ်းတိုးမြှင့်ခဲ့ပါသည်။ TAI သည် ပါကစ္စတန်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ T129 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်း ၃၀ ရောင်းချ ရေးသဘောတူညီမှုတစ်ရပ်အား ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားပါသည်။ သို့သော် TAI ကုမ္ပဏီအနေဖြင့် တတိယနိုင်ငံတစ်ခုအား ရောင်းချမည်ဆိုပါက အမေရိကန်၏ ပို့ကုန်လိုင်စင်ချထားပေးရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် အမေရိကန်မှ TAI ကုမ္ပဏီ အပေါ် နည်းပညာရောင်းချမှုနှင့် ပို့ကုန်လိုင်စင်ခွင့်ပြုထားမှုမရှိသေးခြင်းကြောင့် တူရကီ အစိုးရအနေဖြင့် T129 ရဟတ်ယာဉ်များအတွက် ပြည်တွင်းအင်ဂျင်ထုတ်လုပ်မှုအား TAI ၏ ကုမ္ပဏီခွဲဖြစ်သော Tusas Engine Industries ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

          ပါကစ္စတန်သည် တူရကီမှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဝယ်ယူရေးသဘော တူညီမှုအတွက် တစ်နှစ်ထပ်မံတိုးမြှင့်ရန် သဘောတူညီခဲ့ပါသည်။ Tusas Engine Industries ကုမ္ပဏီသည် မကြာမီအချိန်အတွင်း T129 ရဟတ်ယာဉ်အင်ဂျင်များအား အပြီးသတ်ထုတ်လုပ်ရန် မျှော်မှန်းထားရှိကြောင်း တူရကီ၏ ထိပ်တန်းဝယ်ယူရေး အေဂျင်စီအကြီးအကဲ အစ္စမေးဒီမာ (Ismail Demir) က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားခဲ့ ပါသည်။ ပါကစ္စတန်သည် ၂၀၂၁ ခုနှစ်တွင် T129 ရဟတ်ယာဉ်အတွက် အင်ဂျင်များ လက်ခံရရှိမည်ဖြစ်ပြီး အမေရိကန်အနေဖြင့်လည်း TAI ကုမ္ပဏီအပေါ် တင်ပို့မှုလိုင်စင် အား ပြန်လည်ခွင့်ပြုပေးသွားနိုင်မည်ဖြစ်ပါသည်။ TAI သည် ယခင်က တန်ချိန် ၅ တန်ခန့် အလေးချိန်ရှိသည့် A129 Mangusta တိုက်ခိုက်ရေးရဟတ်ယာဉ်အား ထုတ်လုပ်ခဲ့ပြီး T129 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် တာဗိုအင်ဂျင် ၂ လုံး တပ်ဆင်ထားသည့် ဘက်စုံသုံးတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment