Tass;
Jan–6(Mon)
တူရကီတပ်ဖွဲ့ဝင်များအား လစ်ဗျားနိုင်ငံ၌ စတင်တပ်ဖြန့်ချထားလျက်ရှိကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ လစ်ဗျားအစိုးရ၏လုံခြုံရေးအား
ကာကွယ်စောင့်ရှောက်ရန် အတွက် တူရကီတပ်ဖွဲ့ဝင်များ လစ်ဗျားနိုင်ငံအတွင်း
တပ်ဖြန့်ချထားမှုများအား တဖြည်းဖြည်း လုပ်ဆောင်လျက်ရှိကြောင်းလည်း
၎င်းက ပြောကြားခဲ့ပါသည်။ သို့သော်လည်း လစ်ဗျား နိုင်ငံ၌ တူရကီတပ်ဖွဲ့ဝင်မည်မျှ တပ်ဖြန့်ချထားသည်ကိုမူ
၎င်းက အသေးစိတ်ပြောကြား ထားခြင်းမရှိပေ။
လက်ရှိအချိန်၌ လစ်ဗျားနိုင်ငံ၌ တူရကီတပ်ဖွဲ့ဝင်များအပြင် ရုရှားနိုင်ငံမှ ပုဂ္ဂလိကစစ်ဘက်အဖွဲ့အစည်းဖြစ်သည့်
Wagner Group မှ တိုက်ခိုက်ရေးသမား ၂,၅၀၀ နှင့်
ဆူဒန်နိုင်ငံမှ တိုက်ခိုက်ရေးသမား ၆,၀၀၀ ရှိကြောင်း သမ္မတ အာဒိုဂန်က အခိုင်အမာ ပြောကြားခဲ့ပါသည်။ တူရကီတပ်ဖွဲ့ဝင်များအား
လစ်ဗျားနိုင်ငံသို့စေလွှတ်မည့် ဥပဒေကြမ်းကို တူရကီလွှတ်တော်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌
အတည်ပြုခဲ့ပါသည်။
တူရကီအနေဖြင့် လစ်ဗျားအစိုးရက တောင်းဆိုလာခဲ့မည်ဆိုပါက အဆိုပါနိုင်ငံသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန်အသင့်ရှိကြောင်း
သမ္မတ အာဒိုဂန်က ယခင်ကတည်းက အကြိမ်ကြိမ်ပြောဆိုခဲ့ပါသည်။
လစ်ဗျားဝန်ကြီးချုပ် ဖာယက်ဇ်အယ်ဆာရက်ဂျ် (Fayez al – Sarraj) ဦးဆောင်သော ကုလသမဂ္ဂကျောထောက်နောက်ခံပြု
အစိုးရအဖွဲ့နှင့် လစ်ဗျားအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ဖြစ်သည့်
လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan
National Army – LNA) က ထောက်ခံလျက်ရှိသည့် ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလာအယ်သာနီ
(Abdullah al – Thani) ၏
ကြားဖြတ်အစိုးရအဖွဲ့တို့သည် လစ်ဗျားနိုင်ငံ၌ အာဏာ အရှိဆုံးအဖွဲ့ ၂ ဖွဲ့ဖြစ်ပါသည်။ ပြီးခဲ့သည့်ဧပြီလ အစောပိုင်းကာလအတွင်းကလည်း NLA ခေါင်းဆောင် ခါလီဖာဟက်ဖ်တာ (Khalifa Haftar) သည် မြို့တော် ထရီပိုလီအား ထိုးစစ်ဆင်မှုပြုလုပ်ခဲ့သည့်အတွက်
ဝန်ကြီးချုပ် ဆာရက်ဂျ်သည် ထရီပိုလီမြို့အား ကာကွယ်ရန် အစိုးရတပ်ဖွဲ့အားလုံးကို အမိန့်ပေးခဲ့ပါသည်။ အဆိုပါကာလအတွင်း ၎င်းတို့နှစ်ဖွဲ့အကြား
ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူရာပေါင်း များစွာ သေဆုံးခဲ့ပြီး
ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါသည်။ ဟက်ဖ်တာသည် ဒီဇင်ဘာလ ၁၂ ရက်၌လည်း ထရီပိုလီမြို့အပေါ် ထိုးစစ်ဆင်မှုထပ်မံပြုလုပ်သွားမည်ဟု
ကြေညာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment