Tuesday, January 14, 2020

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းအား LNA ခေါင်းဆောင် လက်မှတ်ရေးထိုးနိုင်ရေး တူရကီက မျှော်လင့်လျက်ရှိခြင်း


 TASS; Jan-13(Mon)

              လစ်ဗျားနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်၍ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းအပေါ် လက်မှတ်ရေးထိုးမည့်အဖွဲ့များအား ကျေးဇူးတင်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လု့တ်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါသဘောတူညီချက်မူကြမ်းအား လစ်ဗျားအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ (Libyan National Army-LNA) အဖွဲ့ခေါင်းဆောင် ခါလီဖာဟက်ဖ်တာ (Khalifa Haftar) အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်အတွက်လည်း မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့ပါသည်။ အဆိုပါအပစ်အခတ်ရပ်စေရေးသဘောတူညီချက်အား ကုလသမဂ္ဂကျောထောက် နောက်ခံပြု လစ်ဗျားအစိုးရ (Government of National Accord-GNA) အကြီးအကဲ ဖေယက်ဇ်အယ်လ်ဆာရာက်ဂျ် (Fayez al-Sarraj) နှင့် လစ်ဗျားနိုင်ငံတော်ကောင်စီ အကြီးအကဲ ခါလစ်အယ်လ်မီရှာရီ (Khalid al-Mishri) တို့က လက်မှတ်ရေးထိုးပြီးဖြစ် ပါသည်။

          အဆိုပါသဘောတူညီချက်မူကြမ်းအား ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့က လစ်ဗျားဒေသ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် ပူးတွဲ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ခါလီဖာဟက်ဖ်တာအနေဖြင့် ဇန်နဝါရီလ ၁၄ ရက်တွင် လက်မှတ် ရေးထိုးသွားနိုင်ဖွယ်ရှိသည်ဟု ကာဗူဆိုဂလူက ပြောကြားထားပါသည်။ ဟက်ဖ်တာ အနေဖြင့် လက်မှတ်ရေးထိုးမည်ဆိုပါက လစ်ဗျားဒေသတွင်း အပစ်အခတ်ရပ်စဲထားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သဘောတူညီချက်ပါ အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ကာဗူဆိုဂလူက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment