Thursday, February 13, 2020

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုတွင် အရပ်သားများတိုက်ခိုက်ခံရလျက်ရှိသည် ဟူသည့် စွပ်စွဲချက်များအား ရုရှားနိုင်ငံက ငြင်းဆိုခဲ့ခြင်း

 Xinhua; Feb-13(Thu)

              ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုတွင် အရပ်သားများတိုက်ခိုက်ခံရလျက်ရှိ သည်ဟူသည့် စွပ်စွဲချက်များအား ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ငြင်းဆိုခဲ့ပါသည်။ ရုရှားနိုင်ငံသည် အဆိုပါဒေသတွင် ဆိုချီ (Sochi) သဘော တူညီချက်များနှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ အိုင်ဒဲလစ်စီရင်စုတွင် ယခုဖြစ်ပွားလျက်ရှိသောပဋိပက္ခများမှာ တူရကီနိုင်ငံအနေဖြင့် ၎င်းတို့လိုက်နာဆောင်ရွက် ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ 

          ထို့ပြင် အိုင်ဒဲလစ်စီရင်စုအတွင်းရှိ စစ်မဲ့ဇုန်တွင် အရပ်သားများသည် အကြမ်းဖက် သမားများ၏ ကျူးကျော်ရန်စမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိကြောင်း၊ အကြမ်းဖက် သမားများသည် ဆီးရီးယားအစိုးရ၏ တုံ့ပြန်ပစ်ခတ်မှုများအား ကာကွယ်နိုင်ရန်အတွက် လည်း အရပ်သားများကို လူသားတံတိုင်းများသဖွယ်အသုံးချလျက်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ်စီရင်စုအတွင်းရှိ စစ်မဲ့ဇုန် အတွင်းသို့ တူရကီ-ဆီးရီးယားနယ်စပ်မှတစ်ဆင့် လက်နက်ခဲယမ်းများဝင်ရောက်နေခြင်း မှာ အခြေအနေအား ပိုမိုဆိုးရွားစေလျက်ရှိကြောင်း၊ တူရကီနိုင်ငံကလည်း ၎င်း၏တပ်ဖွဲ့ များအား အဆိုပါဒေသသို့ စေလွှတ်လျက်ရှိခြင်းကြောင့် အခြေအနေများပိုမိုရှုပ်ထွေး စေလျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် စစ်မဲ့ဇုန်အတွင်းမှ ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လျက်ရှိသည် ဆိုသည့် စွပ်စွဲချက်များကိုလည်း ရုရှားနိုင်ငံက အခြေအမြစ်မရှိသည့်စွပ်စွဲချက်များ အဖြစ် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment